11 သို့ဖြစ်၍ရှောလုမင်းသည်နောဗမြို့နေ ယဇ်ပုရောဟိတ်များဖြစ်သော အဟိမလက် နှင့်သူ၏ဆွေမျိုးအပေါင်းတို့အားဆင့် ခေါ်သဖြင့်သူတို့သည်အထံတော်သို့ လာကြ၏။-
12 ရှောလုကအဟိမလက်အား``အချင်း အဟိမလက်နားထောင်လော့'' ဟုဆိုလျှင်၊အဟိမလက်က``အမိန့်တော်ကိုနာခံလျက် ပါ'' ဟုဆို၏။
13 ရှောလုက``သင်နှင့်ဒါဝိဒ်သည်အဘယ်ကြောင့် ငါ့အားလုပ်ကြံရန်လျှို့ဝှက်ကြံစည်ကြသနည်း။ သင်သည်အဘယ်ကြောင့်သူ့အားရိက္ခာနှင့်ဋ္ဌား ကိုပေးပါသနည်း။ အဘယ်ကြောင့်သူ၏အတွက် ထာဝရဘုရားထံသို့လျှောက်ထားပေးပါ သနည်း။ ယခုသူသည်ငါ့ကိုတော်လှန်လျက် နေလေပြီ။ ငါ့အားသတ်ရန်အခွင့်ကောင်း ကိုစောင့်ဆိုင်းလျက်နေပါသည်တကား'' ဟု မိန့်တော်မူ၏။
14 အဟိမလက်က``ဒါဝိဒ်သည်အရှင်၏အပေါ် တွင် သစ္စာအရှိဆုံးအရာရှိတစ်ဦးဖြစ်ပါ၏။ သူသည်အရှင့်သမက်တော်ဖြစ်သည့်အပြင် အရှင့်ကိုယ်ရံတော်တပ်မှူးလည်းဖြစ်သဖြင့် နန်းတွင်းသူနန်းတွင်းသားအပေါင်းတို့၏ ကြည်ညိုလေးစားမှုကိုခံရသူဖြစ်ပါ၏။-
15 သူ၏အတွက်ထာဝရဘုရားထံတော်သို့ အကျွန်ုပ်လျှောက်ထားပေးသည်မှာမှန်ပါ၏။ သို့ရာတွင်ယခင်ကလည်းဤသို့လျှောက်ထား ပေးခဲ့ဖူးပါသည်။ အရှင်အားလုပ်ကြံရန် လျှို့ဝှက်ကြံစည်မှုနှင့်ပတ်သက်၍မူကား အရှင်မင်းကြီးသည်အကျွန်ုပ်ကိုသော်လည်း ကောင်း၊ အကျွန်ုပ်၏အိမ်ထောင်စုသားတစ်ဦး တစ်ယောက်ကိုသော်လည်းစွပ်စွဲတော်မမူ ပါနှင့်။ ဤကိစ္စကိုအကျွန်ုပ်အလျှင်းမသိပါ'' ဟုပြန်၍လျှောက်ထား၏။
16 မင်းကြီးသည်``အဟိမလက်၊ သင်နှင့်သင်၏ ဆွေမျိုးအပေါင်းတို့သည်သေရကြမည်'' ဟုဆိုပြီးလျှင်၊-
17 မိမိအနီးတွင်ရပ်လျက်နေသောအစောင့် တပ်သားများအား``ထာဝရဘုရား၏ယဇ် ပုရောဟိတ်တို့သည်ဒါဝိဒ်နှင့်အတူကြံရာ ပါများဖြစ်သဖြင့် ဒါဝိဒ်ထွက်ပြေးကြောင်း ကိုသိသော်လည်း ငါ့အားမပြောသောကြောင့် သတ်ကြလော့'' ဟုအမိန့်ပေးတော်မူ၏။ သို့ ရာတွင်အစောင့်တပ်သားတစ်စုံတစ်ယောက် ကမျှ ထာဝရဘုရား၏ယဇ်ပုရောဟိတ် တို့ကိုသတ်ရန်လက်ကိုမျှမဆန့်ဝံ့ကြ ချေ။