20 ကိုယ်တော်သည်ငါ့ကိုဘေးမှလွတ်မြောက်ရန် ကူမတော်မူ၏။ငါ့ကိုနှစ်သက်တော်မူသဖြင့်ကယ်တော်မူ၏။
21 ငါသည်ဖြောင့်မတ်စွာပြုကျင့်သဖြင့်ထာဝရဘုရားသည်ငါ့အားဆုလာဘ်များ ချပေးတော်မူ၏။ငါသည်အပြစ်ကင်းသဖြင့်ကိုယ်တော်သည် ငါ့ကိုကောင်းချီးပေးတော်မူ၏။
22 ငါသည်ထာဝရဘုရား၏ပညတ်တော်တို့ကို စောင့်ရှောက်ခဲ့ပါ၏။ငါ၏ဘုရားသခင်ကိုကျောမခိုင်းခဲ့ပါ။
23 ငါသည်ကိုယ်တော်၏ပညတ်တော်ရှိသမျှတို့ကို စောင့်ထိန်းခဲ့၏။ကိုယ်တော်၏အမိန့်တော်တို့ကိုမဖီဆန်ခဲ့ပါ။
24 ငါသည်အပြစ်မဲ့သူဖြစ်ကြောင်းကိုလည်း ကောင်း၊ဒုစရိုက်ကိုရှောင်ကြဉ်ကြောင်းကိုလည်းကောင်း ကိုယ်တော်သိတော်မူပါ၏။
25 ထို့ကြောင့်ငါသည်အပြစ်ကင်းသူဖြစ်ကြောင်းကို သိတော်မူသဖြင့်လည်းကောင်း၊ငါသည်ဖြောင့်မတ်စွာပြုကျင့်သဖြင့်လည်းကောင်း၊ကိုယ်တော်သည်ငါ့အားဆုလာဘ်များကို ပေးသနားတော်မူ၏။
26 အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်သစ္စာရှိ သူတို့အားသစ္စာစောင့်တော်မူ၏။အပြစ်ဆိုဖွယ်မရှိအောင်ကောင်းမြတ်သူတို့အား အကန့်အသတ်မရှိဘဲကျေးဇူးပြုတော်မူ တတ်၏။