1 ယုဒပြည်မှ အန္တိအုတ်မြို့သို့ ရောက်လာသော သူအချို့တို့က၊ သင်တို့သည် မောရှေ၏တရားအတိုင်း အရေဖျားလှီးခြင်းကို မခံလျှင်၊ ကယ်တင်တော်မူခြင်းသို့ မရောက်နိုင်ဟု ညီအစ်ကိုတို့အား ဆုံးမဩဝါဒပေးကြ၏။
2 ထိုသူတို့နှင့် ပေါလု၊ ဗာနဗတို့သည် ဆွေးနွေးငြင်းခုံခြင်းများသောအခါ၊ ပေါလုနှင့်ဗာနဗတို့သည် အခြားသောတပည့်တော်အချို့ တို့နှင့်တကွ၊ ထိုပြဿနာ၏ အကြောင်းကြောင့်ယေရုရှလင်မြို့၌ရှိသော တမန်တော်တို့နှင့်သင်းအုပ်တို့ထံသို့သွားရမည်အကြောင်းကိုစီရင်ကြ၏။
3 အသင်းတော်သည်လမ်း၌ပို့သဖြင့်၊ ပေါလုနှင့် ဗာနဗတို့သည် ဖိနိတ်ပြည်နှင့် ရှမာရိပြည်ကို ရှောက်သွား၍ တပါးအမျိုးသားတို့ ပြောင်းလဲခြင်းအကြောင်းအရာကို ကြားပြောသဖြင့်၊ ညီအစ်ကိုအပေါင်းတို့ကို အလွန်ဝမ်းမြောက်စေကြ၏။
4 ယေရုရှလင်မြို့သို့ရောက်လျှင်၊ တမန်တော်တို့နှင့် သင်းအုပ်တို့မှစ၍ သင်းဝင်သူများတို့တွင် လက်ခံခြင်းကျေးဇူးကိုခံ၍၊ မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူ သမျှတို့ကို ပြန်ကြားကြ၏။
5 ဖာရိရှဲစုထဲက ယုံကြည်သောသူအချို့တို့သည် ထလျက်၊ တပါးအမျိုးသားတို့အား အရေဖျားလှီးခြင်းကို ပေးရမည်။ မောရှေ၏ တရားကို ကျင့်စေခြင်းငှါ ဆုံးမရမည်ဟုဆိုကြ၏။
6 ထိုအခါတမန်တော်တို့နှင့် သင်းအုပ်တို့သည် ထိုအမှုကိုကြည့်ရှုဆင်ခြင်ခြင်းငှါ စည်းဝေးကြ၏။