တမန်တော်ဝတ္ထု 18:4-10 BJB

4 ပေါလုသည်လည်း ဥပုသ်နေ့မပြတ် တရားစရပ်၌ ဆွေးနွေး ဟောပြော၍၊ ယုဒလူနှင့်ဟေလသလူတို့ကို ဖြားယောင်းသွေးဆောင်လေ၏။

5 သိလနှင့် တိမောသေတို့သည် မာကေဒေါနိပြည်မှ ရောက်လာသောအခါ၊ ပေါလုသည် သူတို့နှင့်တကွ တရားဟောခြင်းအမှုကိုသာ ဆောင်ရွက်၍၊ ယေရှုခရစ်၏ အကြောင်းကို ယုဒလူတို့အား ကြိုးစား၍ သက်သေခံလေ၏။

6 ယုဒလူတို့သည် ငြင်းခုံဆဲရေးခြင်းကို ပြုသည် ရှိသော်၊ ပေါလု သည် မိမိအဝတ်ကိုခါလိုက်လျက်၊ သင်တို့၏ အသွေးသည် သင်တို့၏ ခေါင်းပေါ်၌တည်စေ။ ငါမူကား ကင်းလွတ်၏။ ယခုမှစ၍ တပါးအမျိုးသားတို့ဆီသို့ သွားမည်ဟု ဆိုပြီးလျှင်၊

7 ထိုအရပ်မှထွက်၍ ဘုရားသခင်ကို ကိုးကွယ်သော ယုတ္တု အမည်ရှိသောသူ၏ အိမ်သို့သွား၏။ ထိုအိမ်သည် တရားစရပ်နှင့် စပ်လျက်ရှိသတည်း။

8 ကရိပ္ပုအမည်ရှိသောတရားစရပ်မှူးသည် မိမိအိမ်သူအိမ်သား အပေါင်းတို့နှင့်တကွ သခင်ဘုရားကို ယုံကြည်လေ၏။ ကောရိန္တုပြည်သားအများတို့သည်လည်း ယုံကြည်၍ ဗတ္တိဇံကိုခံကြ၏။

9 ညဉ့်အခါ သခင်ဘုရားသည် ပေါလုအား ဗျာဒိတ်ရူပါရုံကိုပြ၍၊ သင်သည်မကြောက်နှင့်။ တိတ်ဆိတ်စွာမနေနှင့်။ ဟောပြောလော့။

10 ငါသည်သင်နှင့်အတူရှိ၏။ သင့်ကိုညှဉ်းဆဲခြင်းငှါ အဘယ်သူမျှ အနိုင်အထက်မပြုရ။ ဤမြို့၌ငါ၏ လူအများရှိကြသည်ဟု မိန့်တော်မူ၏။