တမန်တော်ဝတ္ထု 22:21-27 BJB

21 လျှောက်ဆိုလျှင်၊ သခင်ဘုရားက၊ သွားလော့။ ငါသည်တပါး အမျိုးသားတို့ရှိရာသို့ သင့်ကိုဝေးလှစွာ လွှတ်မည်ဟုအကျွန်ုပ်အား မိန့်တော်မူသည်ဟု ပေါလု မြွက်ဆို၏။

22 ထိုမျှတိုင်အောင် ပေါလု၏ စကားကို နားထောင်ပြီးလျှင်၊ ထိုသူတို့သည်အော်ဟစ်၍၊ ထိုသို့သောသူကို မြေကြီးပြင်မှ သုတ်သင်ပယ်ရှင်းလော့။ သူသည် အသက်မရှင်သင့်ဟု ဆိုကြ၏။

23 ထိုသို့အော်ဟစ်ခြင်း၊ ကိုယ်အဝတ်ကိုချွတ်ခြင်း၊ မြေမှုန့်ကို မိုဃ်းကောင်းကင်သို့ ပစ်လိုက်ခြင်းကို ပြုကြစဉ်တွင်၊

24 ပေါလုကိုအဘယ်ကြောင့် ထိုသို့အော်ဟစ်ကြသည်ကိုစစ်သူကြီးသည် သိလို၍၊ ပေါလုကို ရဲတိုက်ထဲသို့ သွင်းစေ။ ရိုက်၍ စစ်ကြောစေဟုစီရင်လေ၏။

25 သားရေကြိုးနှင့်ဆွဲတင်ကြသောအခါ၊ ပေါလုက၊ ရောမလူဖြစ်သောသူကို ဓမ္မသတ်အတိုင်း မစီရင်ဘဲလျက်၊ သင်တို့သည် ရိုက်ရသလောဟု နား၌ရပ်နေသော တပ်မှူးအား ဆို၏။

26 တပ်မှူးသည်ကြားလျှင် စစ်သူကြီးထံသို့သွား၍၊ အဘယ်သို့ပြုမည်ကို သတိထားပါလော့။ ဤသူသည် ရောမလူဖြစ်ပါသည်ဟု ကြားလျှောက်၏။

27 စစ်သူကြီးသည်လည်း၊ ပေါလုထံသို့လာ၍၊ သင်သည်ရောမလူမှန်သလော၊ ငါ့အား ပြောလော့ဟုဆိုလျှင် မှန်ပါသည်ဟု ပေါလုဆို၏။