21 သို့ရာတွင်သူတို့၏ အလိုသို့မလိုက်ပါနှင့်။ ပေါလုကိုမသတ်မှီတိုင်အောင် အလျှင်းမစားမသောက်ရဟု ကိုယ်ကိုကျိန်ဆို၍ ဓိဋ္ဌာန်ပြုသော ယုဒလူလေးကျိပ်မက၊ လမ်းနား၌ ပေါလုကိုချောင်း၍ နေကြပါ၏။ ယခုပင် ကိုယ်တော်ဝန်ခံမည့်စကားကို ထိုသူတို့သည် ဆိုင်းလင့်၍ အသင့်ရှိနှင့်ပါပြီဟုလျှောက်လေ၏။
22 စစ်သူကြီးကလည်း၊ သင်သည်ငါ့အား ဤသို့ ကြားလျှောက်သည်ကို အဘယ်သူအားမျှမပြောနှင့်ဟု ထိုလုလင်ကိုမှာထား၍ လွှတ်လိုက်ပြီးလျှင်၊
23 တပ်မှူးနှစ်ယောက်တို့ကိုခေါ်၍၊ ယနေ့ညဉ့် သုံးချက်တီးအချိန်၌ ကဲသရိမြို့သို့သွားစေခြင်းငှါ စစ်သူရဲ နှစ်ရာ၊ မြင်းစီးသူရဲခုနစ်ကျိပ်၊ လှံကိုင်သူရဲနှစ်ရာတို့ကို ပြင်ဆင်ကြ။
24 ပေါလုစီးစရာဘို့ တိရစ္ဆာန်တို့ကိုပြင်၍ပေးကြ။ သူ့ကို ဖေလဇ်မင်းထံသို့ကြပ်မ၍ ပို့ကြဟုအမိန့်ရှိ၏။
25 စစ်သူကြီးသည် ရေး၍ပေးလိုက်သော စာဟူမူကား၊
26 ကလောဒိလုသိက၊ မြတ်တော်မူသော မြို့ဝန်မင်းဖေလဇ်ကို မေတ္တာနှင့်ကြားလျက်လိုက်ပါသည်။
27 ယုဒလူတို့သည် ဤသူကိုဘမ်းဆီး၍ သတ်မည်ပြုကြစဉ်၊ သူသည်ရောမလူဖြစ်ကြောင်းကို အကျွန်ုပ်သည် ကြားသိသဖြင့်၊ စစ်သူရဲတို့နှင့်တကွ သွား၍သူ့ကို နှုတ်ပါ သည်။