5 သင်တို့သည် တတ်နိုင်သောသူတို့သည် ငါနှင့် အတူလိုက်၍၊ ထိုသူ၌အပြစ်ရှိလျှင် အပြစ်တင်ကြစေဟု ပြောဆို၏။
6 ထိုနောက် ဆယ်ရက်လောက်နေပြီးမှ ကဲသရိမြို့သို့ သွား၍၊ နက်ဖြန်နေ့၌တရားပလ္လင်ပေါ်မှာ ထိုင်လျက်၊ ပေါလုကိုခေါ်ချေဟု အမိန့်ရှိ၏။
7 ပေါလုရောက်သောအခါ၊ ယေရုရှလင်မြို့မှ လာသောယုဒလူတို့သည်ဝန်းရံလျက်၊ သက်သေမပြနိုင်ဘဲ လေးစွာသောအပြစ်များတို့ကို ပေါလုအပေါ်၌တင်ကြ၏။
8 ပေါလုကလည်း၊ အကျွန်ုပ်သည်ယုဒတရားကို မပြစ်မှားပါ။ ဗိမာန်တော်ကိုမပြစ်မှားပါ။ ကဲသာဘုရင်ကို မပြစ်မှားပါဟူ၍ အပြစ်ဖြေရာစကားကိုပြောလေ၏။
9 သို့သော်လည်း၊ ဖေတ္တုမင်းက၊ သင်သည် ယေရုရှလင်မြို့သို့သွား၍၊ ငါ့ရှေ့မှာဤအမှုစီရင်ခြင်းကို ခံမည်လောဟု ယုဒလူတို့ကို ကျေးဇူးပြုလိုသော စိတ်ရှိလျက် ပေါလုအားမေး၏။
10 ပေါလုကလည်း၊ ကဲသာဘုရင်၏ တရားပလ္လင် ရှေ့မှာ အကျွန်ုပ်ရပ်ပါ၏။ ထိုပလ္လင်ရှေ့မှာ အကျွန်ုပ် အမှုကိုစီရင်အပ်ပါ၏။ ကိုယ်တော်သည် အမှန်သိတော်မူ သည်အတိုင်း၊ အကျွန်ုပ်သည်ယုဒလူတို့ကို အလျှင်းမပြစ်မှားပါ။
11 အကျွန်ုပ်ပြစ်မှား၍ သေထိုက်သော အပြစ်ကို ပြုမိသည်မှန်လျှင်၊ သေဘေးကိုအကျွန်ုပ်မရှောင်ပါ။ ထိုသူတို့တင်သောအပြစ် တစုံတခုမျှ မမှန်လျှင်၊ သူတို့ လက်သို့ အကျွန်ုပ်ကိုအဘယ်သူမျှမစွန့်မအပ်ရပါ။ ကဲသာဘုရင်၏အယူတော်ကိုခံပါမည်ဟု လျှောက်ဆို၏။