4 ထိုလူရိုင်းတို့သည်မြင်လျှင်၊ ဤလူကား၊ လူအသက်ကို သတ်သောသူ အမှန်ဖြစ်၏။ ပင်လယ်ဘေးမှ လွတ်သော်လည်း၊ အသက်ရှင်စေခြင်းငှါ တရားသည် အခွင့်မပေးဟု အချင်းချင်းဆိုကြ၏။
5 ပေါလုသည်မြွေကို မီးထဲသို့ခါချ၍ အဘယ် ဘေးမျှမသင့်။
6 သူသည်တကိုယ်လုံးရောင်မည်၊ တခဏခြင်း တွင်လဲ၍သေမည်ဟု ထိုသူတို့သည်ကြာမြင့်စွာ ငံ့လင့်သော်လည်း၊ သူ၌မကောင်းသော အပြစ်တစုံတခုကိုမျှ မမြင်လျှင် သဘောပြောင်းလဲ၍ ဤသူကား နတ်ဘုရားဖြစ်သည်ဟု ဆိုကြ၏။
7 ထိုအရပ်နှင့်မနီးမဝေး ပုဗလိ အမည်ရှိသော ကျွန်းသူကြီး၏ နေရာရှိ၏။ ထိုသူကြီးသည် ငါတို့ကိုလက်ခံ၍၊ သုံးရက်ပတ်လုံး ကောင်းမွန်စွာ လုပ်ကျွေးပြုစုလေ၏။
8 ပုဗလိမင်း၏အဘသည်ဖျားနာနှင့် ဝမ်းကျသွေးသွန်နာစွဲ၍၊ တုံးလုံးနေသည်ကို ပေါလုဝင်၍ ဆုတောင်းပြီးမှ၊ သူ့အပေါ်၌ လက်တင်၍ အနာကို ငြိမ်းစေ၏။
9 ဤသို့ပြုသောကြောင့်၊ ထိုကျွန်း၌ အနာရောဂါစွဲသော အခြားသူရှိသမျှတို့သည် လာ၍ ချမ်းသာခြင်းကို ရကြ၏။
10 ထိုသူတို့သည် များစွာသော လက်ဆောင်တို့ကို ပေး၍ ၊ ငါတို့သည် လွှင့်ပြန်သောအခါ၊ ရိက္ခာများကိုလည်း သင်္ဘောပေါ်သို့ တင်ကြ၏။