31 ဣသရေလ လူတို့အား နောင်တတရားနှင့် အပြစ်လွှတ်ခြင်း အခွင့်ကိုပေးစေခြင်းငှါ၊ ထိုသူကို အစိုးရသော အရှင်အရာ၌၎င်း၊ ကယ်တင်သော သခင် အရာ၌၎င်း၊ ဘုရားသခင်ခန့်ထား၍ မိမိလက်ျာ လက်တော်နှင့် ချီးမြှင့်တော်မူပြီ။
32 ထိုအကြောင်းအရာတို့သည် အမှန်ဖြစ်ကြောင်း ကို ငါတို့သည် သက်သေခံဖြစ်ကြ၏။ ဘုရားသခင်၏ စကားတော်ကို နားထောင်သော သူတို့အား ပေးသနားတော်မူသော သန့်ရှင်းသောဝိညာဉ်တော်သည်လည်း သက်သေခံဖြစ်တော်မူသည်ဟု ပြောဆိုကြ၏။
33 ထိုစကားကိုကြားလျှင်၊ ထိုသူတို့နှလုံးသည် ကွဲပြတ်မတတ်ဖြစ်၍၊ တမန်တော်တို့ကို ကွပ်မျက်ခြင်းငှါ အချင်းချင်းတိုင်ပင်ပြောဆိုကြ၏။
34 ထိုအခါလူအပေါင်းတို့ရိုသေသောသူ၊ ဂါမလျေလအမည် ရှိသောနိဿရည်းဆရာ၊ ဖာရိရှဲ တယောက်သည် လွှတ်တော်ပေါ်၌ထ၍၊ တမန်တော်တို့ကို ပြင်သို့ခဏထွက်စေပြီးလျှင်၊
35 ဣသရေလလူတို့၊ ဤသူတို့အား အဘယ်သို့ပြုမည်အရာကို သတိနှင့်ဆင်ခြင်ကြလော့။
36 အကြောင်းမူကား၊ အထက်က သုဒအမည် ရှိသောသူတယောက် သည်ထသဖြင့်၊ ငါသည်လူ သာမည မဟုတ်ဟု ဆိုသည်ဖြစ်၍၊ သူ၌ လူလေးရာမျှ လောက်ဆည်းကပ်ကြ၏။ ထိုသူသည် ပျက်စီးခြင်းသို့ ရောက်၍ သူ့ကိုယုံကြည်သမျှသော သူတို့သည် ကွဲပြား ပျောက်ပျက်ကြ၏။
37 ထိုသူနောက်ငွေတော်ခွဲစဉ်ကာလ၊ ယုဒအမည်ရှိသော ဂါလိလဲလူတယောက်သည်လည်း ထ၍၊ မိမိ နောက်သို့လူများကိုသွေးဆောင်လေ၏။ ထိုသူသည်လည်း ပျက်စီးခြင်းသို့ရောက်၍၊ သူ့ကိုယုံကြည်သမျှသောသူတို့သည် ပျောက်လွင့်ကြ၏။