34 အဲဂုတ္တုပြည်၌ရှိသော ငါ၏လူတို့သည် ခံရသော ညှဉ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ။ သူတို့ညည်းတွားမြည်တမ်းသောအသံကိုလည်း ငါကြားခဲ့ပြီ။ သူတို့ကို ကယ်နှုတ်ခြင်းငှါ ငါဆင်းလာပြီ။ ယခုသွားလော့။ သင့်ကို အဲဂုတ္တုပြည်သို့ငါစေလွှတ်မည်ဟု ဗျာဒိတ်တော်ရှိ၏။
35 အဘယ်သူသည် သင့်ကို အကဲအမှူးတရား သူကြီးအရာ၌ ခန့်ထားသနည်းဟူ၍ အငြင်းအပယ်ခံရသော ထိုမောရှေကို အကဲအမှူး၊ ကယ်လွှတ်သောသူ ဖြစ်စေခြင်းငှါ၊ ဘုရားသခင်သည်ချုံ၌ ထင်ရှားသော ကောင်းကင်တမန်အားဖြင့် စေခန့်တော်မူ၏။
36 ထိုသူသည် ဣသရေလအမျိုးသားတို့ကို နှုတ်ဆောင်၍ အနှစ်လေးဆယ်ပတ်လုံး အဲဂုတ္တုပြည်၌၎င်း၊ ဧဒုံပင်လယ်၌၎င်း၊ တော၌၎င်း၊ နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကိုပြုလေ၏။
37 သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည်၊ သင်တို့အမျိုးသား ချင်းတို့အထဲ၌ ငါနှင့်တူသော ပရောဖက်တပါးကို သင်တို့အဘို့ ပေါ်ထွန်းစေတော်မူမည်။ ထိုပရောဖက်၏ စကားကိုနားထောင်ရကြမည်ဟု ဣသရေလအမျိုးသားတို့အားပြောဆိုသောသူကား အခြားသူမဟုတ်၊ ထိုမောရှေပင်ဖြစ်သတည်း။
38 ထိုသူသည် တောတွင်ရှိသော အစည်းအဝေး၌ ၎င်း၊ သိနာတောင်ပေါ်မှာ သူ့ကိုနှုတ်ဆက်သော ကောင်းကင်တမန်နှင့်၎င်း၊ ငါတို့ အဘများနှင့်၎င်းရှိ၏။ ထိုသူသည် ငါတို့အား အပ်ပေးခြင်းငှါ အသက်ရှင်စေသော ဗျာဒိတ်တော်ကိုခံလေ၏။
39 ထိုသူ၏စကားကိုငါတို့အဘများသည် နားမထောင်လိုဘဲလျက် ပယ်၍၊
40 ငါတို့ရှေ့မှာ သွားရသော ဘုရားတို့ကို ငါတို့အဘို့လုပ်ပါ။ ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော ထိုမောရှေ၌ အဘယ်သို့ ဖြစ်သည်ကို ငါတို့မသိဟု အဲဂုတ္တုပြည်သို့ ပြန်ချင်သောစိတ်နှင့် အာရုန်ကို ပြောဆိုကြ၏။