6 သင်၏အမျိုးအနွယ်သည် သူတပါးပိုင်သော ပြည်၌ဧည့်သည် ဖြစ်ကြသဖြင့်၊ သူတပါးတို့၌ ကျွန်ခံခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းကို အနှစ် လေးရာပတ်လုံး ခံရကြလိမ့်မည်။
7 သူတို့ကို စေခိုင်းသောလူမျိုးကိုလည်း ငါစီရင်မည်။ ထိုနောက်မှ သူတို့သည်ထွက်၍ ဤအရပ်၌ ငါ့အား ဝတ်ပြုကြလိမ့်မည်ဟု ဗျာဒိတ်ထားတော်မူ၏။
8 ဘုရားသခင်သည်လည်း အရေဖျားလှီးခြင်းနှင့် ဆိုင်သော ပဋိညာဉ်တရားကို အာဗြဟံအား ပေးတော်မူ၏။ ထိုသို့ဣဇာက်ကို ဘွားမြင်၍ ရှစ်ရက်မြောက်သော နေ့၌ အရေဖျားလှီးခြင်းကိုပေးလေ၏။ ဣဇာက်သား ယာကုပ်၊ ယာကုပ်သားများကား၊ အမျိုး၏ အဘ တကျိတ်နှစ်ပါးတည်း။
9 အမျိုး၏ အဘတို့သည်လည်း ငြူစူသောစိတ်ရှိ၍၊ ယောသပ်ကို အဲဂုတ္တုပြည်သို့ ရောင်းလိုက်ကြ၏။ ဘုရားသခင်သည် သူ့ကိုစောင့်မတော်မူလျက်၊
10 အလုံးစုံသော ဒုက္ခဆင်းရဲထဲမှ ကယ်နှုတ်၍၊ အဲဂုတ္တုပြည်ကို အစိုးရသော ဖာရောဘုရင်ထံ၌ မျက်နှာပွင့်လန်းခြင်းနှင့် ပညာအတတ်ကိုပေးတော်မူသဖြင့်၊ ထိုမင်းကြီးသည် အဲဂုတ္တုနိုင်ငံအုပ်အရာ၊ နန်းတော်အုပ်အရာ၌ ယောသပ်ကိုခန့်ထားလေ၏။
11 ခါနာန်ပြည်နှင့်အဲဂုတ္တုပြည် တရှောက်လုံး၌ အစာခေါင်းပါးခြင်း၊ ကြီးစွာသောဆင်းရဲခြင်းရှိ၍ ငါတို့အဘများ၌ စားစရာကုန်သောအခါ၊ အဲဂုတ္တုပြည်မှာ ဆန်စပါးရှိသည်ဟု ယာကုပ်သည်ကြားလျှင်၊
12 ငါတို့အဘများကို ပဌမအကြိမ်တွင် စေလွှတ်လေ၏။