5 သစ္စာစောင့်သော သက်သေခံဖြစ်တော်မူထသော၊ သေသောသူတို့တွင်သားဦး ဖြစ်တော်မူထသော၊ လောကီဘုရင်တို့၏ အထွဋ်ဖြစ်တော်မူသော ယေရှုခရစ်အထံတော်က၎င်း၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည်သင်တို့၌ရှိပါစေသော။ ငါတို့ကိုချစ်၍ မိမိအသွေးနှင့် ငါတို့အပြစ်များကို ဆေးကြောတော်မူ၍၊
6 မိမိခမည်းတော်ဘုရားသခင့်ရှေ့၌ ငါတို့ကို ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ်အရာ၌၎င်း ခန့်ထားတော်မူသောသူသည်၊ ကမ္ဘာအဆက်ဆက် ဘုန်းအသရေ၊ အစွမ်းသတ္တိရှိတော်မူစေသတည်း။ အာမင်။
7 ကြည့်ရှုလော့။ မိုဃ်းတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရ ကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမည်တမ်းရကြလိမ့်မည်။ မှန်ပေ၏။ အာမင်။
8 ငါသည် အာလဖဖြစ်၏။ ဩမေဃလည်း ဖြစ်၏ ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင် မိန့်တော်မူ၏။
9 ယေရှုခရစ်၏ ဆင်းရဲခြင်းဒုက္ခမှစ၍ နိုင်ငံတော်ကို၎င်း၊ သည်းခံတော်မူခြင်းကို၎င်း၊ သင်တို့နှင့်အတူ ဆက်ဆံသော အဘော်အဘက၊ သင်တို့အစ်ကို ငါ ယောဟန်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်နှင့် ယေရှုခရစ်၏ သက်သေခံတော်မူချက်ကြောင့်၊ ပတ်မုကျွန်းမှာ နေရစဉ်တွင်၊
10 သခင်ဘုရားနေ့၌ ဝိညာဉ်တော်ကိုခံရ၍၊ တံပိုး ခရာ အသံကဲ့သို့ငါ့နောက်၌ မြည်သောအသံကြီးကို ကြား၏။
11 မြည်သောအချက်ဟူမူကား၊ သင်သည်မြင်သောအရာကို စာစောင်၌ ရေးထား၍၊ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့၌ရှိသော အသင်းတော်ခုနှစ်ပါးထံသို့ ပေးလိုက်လော့ဟုဆိုသတည်း။