17 ဤမျှလောက်ကြီးစွာသော စည်းစိမ်သည် တနာရီခြင်းတွင် ပျက်စီးပါပြီတကားဟု ငိုကြွေး၍ စိတ်မသာ ညည်းတွားကြလိမ့်မည်။ ခပ်သိမ်းသော သင်္ဘောသူကြီး၊ အရပ်ရပ်သို့ လွှင့်ကူးတတ်သော သူအပေါင်းတို့နှင့် သင်္ဘောသား၊ ပင်လယ်ကုန်သည် ရှိသမျှတို့သည် အဝေးကရပ်၍
18 သူကျွမ်းလောင်ရာမီးခိုးကိုမြင်လျှင်၊ ထိုမြို့နှင့် အဘယ်မြို့ တူသနည်းဟူ၍၎င်း၊
19 ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း၊ ပင်လယ်ကူး သော သင်္ဘောကို ပိုင်သော သူအပေါင်းတို့အား ကိုယ် စည်စိမ်ကိုပေး၍ ငွေရတတ်စေသော မြို့ကြီး၊ တနာရီ ခြင်းတွင် ပျက်စီးပါပြီ တကားဟူ၍၎င်း အော်ဟစ်လျက်၊ မြေမှုန့်ကို မိမိတို့ခေါင်းပေါ်မှာ ပစ်တင်လျက် ငိုကြွေး၍ စိတ်မသာ ညည်းတွားကြလိမ့်မည်။
20 ကောင်းကင်မှစ၍ သန့်ရှင်းသူတမန်တော် ပရောဖက်တို့၊ သူကို ကြည့်ရှု၍ ဝမ်းမြောက်ကြလော့။ ဘုရားသခင်သည် သင်တို့ဘက်၌နေ၍၊ သူ့ကို တရားစီရင် တော်မူပြီဟု ပြောဆိုသည်ကို ငါကြား၏။
21 ခွန်အားကြီးသော ကောင်းကင်တမန်တပါးသည် ကြီးစွာသော ကြိတ်ဆုံကျောက်ကဲ့သို့သော ကျောက်ကို ချီယူ၍ ပင်လယ်ထဲသို့ ချပစ်ပြီးလျှင် ထိုနည်းတူ၊ ဗာဗုလုန်မြို့ကြီးကို ပြင်းထန်စွာ ချပစ်၍ နောက်တဖန် မပေါ်မရှိရ။
22 စောင်းသမား၊ အငြိမ့်သမား၊ ပုလွေသမား၊ တံပိုးသမားများ တီးမှုတ်သော အသံလည်း သင့်အထဲ၌ နောက်တဖန်မမြည်ရ။ အမျိုးမျိုးသော လက်တတ်သမားတို့တွင် တယောက်မျှ သင့်အထဲ၌ နောက်တဖန် မပေါ်မရှိရ။ ကြိတ်ဆုံသံလည်း သင့်အထဲ၌ နောက်တဖန် မမြည်ရ။
23 ဆီမီးအလင်းလည်း သင့်အထဲ၌ နောက်တဖန် မထွန်းမလင်းရ။ မင်္ဂလာဆောင် သတို့သားသတို့သမီး အသံကိုလည်း သင့်အထဲ၌ နောက်တဖန် မကြားရ။ အကြောင်းမူကား၊ လောကီမှူးမတ်တို့သည် သင်၏ ကုန်သည်ဖြစ်ကြပြီ။ လူအမျိုးမျိုးတို့သည် သင်၏ ပြုစားခြင်း ပရိယာယ်အားဖြင့် လှည့်ဖြားခြင်းကို ခံရကြ ပြီဟု ကောင်းကင်တမန် ပြောဆို၏။