ဗျာ​ဒိတ် 2:18-24 BJB

18 သွာတိရမြို့၌ ရှိသောအသင်းတော်၏ တမန်ကို ဤသို့ရေး၍ မှာလိုက်လော့။ မီးလျှံကဲ့သို့သော မျက်စိနှင့်၎င်း ၊ ကြေးဝါစစ်နှင့်တူသောခြေနှင့်၎င်း၊ ပြည့်စုံသော ဘုရားသခင့်သားတော်၏ အမိန့်တော်ကား၊

19 သင်အကျင့်ကျင့်ခြင်း၊ ချစ်ခြင်း၊ အမှုဆောင်ခြင်း၊ ယုံကြည်ခြင်း၊ သည်းခံခြင်းကို၎င်း နောက်ကျင့် သောအကျင့်တို့သည် အရင်ကျင့်သောအကျင့်ထက် သာ၍ များကြောင်းကို၎င်း ငါသိ၏။

20 သို့သော်လည်း၊ ငါ၏အစေခံကျွန်တို့သည် မတရားသော မေထုန်ကို ပြုစေခြင်းငှါ၎င်း၊ ရုပ်တု ရှေ့မှာ ပူဇော်သော ယဇ်ကောင်ကို စားစေခြင်းငှါ၎င်း၊ ပရောဖက်မဟူ၍ ကိုယ်ကိုခေါ်ဝေါ်သောသင်၏ ခင်ပွန်း ယေဇဗေလသည် သွန်သင်၍ မှားယွင်းစေရသောအခွင့်ကို သင်သည်ပေးသောကြောင့်၊ သင်၌ အပြစ်တင်စရာ ရှိ၏။

21 နောင်တရသင့်သောကာလကို ငါပေးသော်လည်း၊ သူသည် မိမိမတရားသောမေထုန်ကို နောင်တ ရချင်သော စိတ်မရှိ။

22 ထိုကြောင့်၊ သူ့ကိုအိပ်ရာ၌ငါချထားမည်။ သူနှင့်အတူ မတရားသော မေထုန်ကိုပြု၍၊ ထိုသို့သော အကျင့်ကိုနောင်တမရသောသူတို့ကိုလည်း၊ ကြီးစွာသော ဆင်းရဲခြင်းသို့ ရောက်စေမည်။

23 သူ၏သားသမီးတို့ကိုလည်း အသေသတ်မည်။ ငါသည် နှလုံးကျောက်ကပ်ကို စစ်ဆေးတော်မူသော သူဖြစ်ကြောင်းကို ထိုသို့သောအားဖြင့် ခပ်သိမ်းသော အသင်းတော်တို့သည် သိရကြလိမ့်မည်။ သင်တို့သည် အသီးအသီးကျင့်သော အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ငါပေးမည်။

24 ထိုမိစ္ဆာဒိဌိအယူကို ယူသောသူတို့ ခေါ်ဝေါ် သည်နှင့်အညီ၊ စာတန်၏ နက်နဲသောအရာဟုခေါ်ဝေါ်သောအရာတို့ကို မကျွမ်း၊ ထိုမိစ္ဆာဒိဌိအယူကိုမယူ၊ ကြွင်းသောသွာတိရမြို့သားတို့ကို ငါဆိုသည်ကား၊ သင်တို့သည် ရသမျှကို ငါလာသည်တိုင်အောင် စွဲကိုင်ကြလော့။