ဗျာ​ဒိတ် 3:1-7 BJB

1 သာဒိမြို့၌ရှိသောအသင်းတော်၏ တမန်ကို ဤသို့ရေး၍ မှာလိုက်လော့။ ဘုရားသခင်၏ ဝိညာဉ် ခုနစ်ပါးနှင့်ကြယ်ခုနစ်လုံး ရှိသောသူ၏အမိန့်တော်ကား၊ သင်၏အကျင့်ကိုငါသိ၏။ သင်သည် အသက်ရှင်ဟန်ရှိသော်လည်း သေလျက်နေသည်ကို ငါသိ၏။

2 မအိပ်ဘဲစောင့်၍နေလော့။ ကျန်ရစ်၍ သေလုသောအရာတို့ကို ပြုစုလော့။ သင်၏အကျင့်သည် ငါ၏ဘုရားသခင်ရှေ့၌မစုံ မလင်ရှိသည်ကိုငါတွေ့ပြီ။

3 ထိုကြောင့်၊ သင်သည်ခံယူ၍ နားထောင်ပြီးသည်အရာကို အောက်မေ့၍ စောင့်ရှောက်လော။ နောင်တရလော့။ စောင့်၍ မနေလျှင် သူခိုးကဲ့သို့ သင်ရှိရာသို့ ငါလာမည်။ လာမည့်အချိန်နာရီကိုလည်း သင်မသိရ။

4 သို့သော်လည်း၊ သာဒိမြို့၌ပင် သင်တို့တွင် ကိုယ်အဝတ်ကို မညစ်ညူးစေသော သူနည်းနည်းရှိသေး၏။ ထိုသူတို့သည် ထိုက်တန်သောသူဖြစ်၍၊ အဖြူ ဝတ်လျက် ငါနှင့်အတူသွားလာကြလိမ့်မည်။ အောင်မြင်သောသူသည် ဖြူသောအဝတ်ကို ဝတ်ဆင်လိမ့်မည်။

5 ထိုသူ၏နာမကို အသက်စာစောင်မှ ငါသည် အလျှင်းမချေ။ ငါ့ခမည်းတော်ရှေ့၌၎င်း၊ ကောင်းကင်တမန်တော်တို့၌၎င်း သူ၏နာမကို ငါဝန်ခံမည်။

6 ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေ။

7 ဖိလဒေလဖိမြို့၌ရှိသော အသင်းတော်၏ တမန်ကိုဤသို့ရေး၍ မှာလိုက်လော့။ သန့်ရှင်းသောသူ၊ ဟုတ်မှန်သောသူ၊ ဒါဝိဒ်မင်း၏ တံခါးသော့ကို ကိုင်သောသူ၊ အဘယ်သူမျှ မပိတ်နိုင်အောင် ဖွင့်၍၊ အဘယ်သူမျှ မဖွင့်နိုင်အောင် ပိတ်သောသူ၏ အမိန့်တော်ကား။