4 ထိုအခါမြင်းနီတစီးထွက်၍၊ စီးသောသူသည် ငြိမ်ဝပ်ခြင်းကို မြေကြီးကရုပ်သိမ်းခြင်းငှါ၎င်း၊ မြေကြီး သားတို့ကို အချင်းချင်းအသေသတ်စေခြင်းငှါ၎င်း အခွင့်ရ၏။ သူ၌ထားကြီးကိုပေးတော်မူ၏။
5 တတိယတံဆိပ်ကိုဖွင့်သောအခါ၊ တတိယ သတ္တဝါက၊ လာ၍ကြည့်လော့ဟု ဆိုသည်ကို ငါကြား၏။ ထိုအခါ ငါကြည့်လျှင် မြင်းနက်တစီးရှိ၏။ မြင်းစီးသောသူသည် ချိန်ခွင်ကိုကိုင်၏။
6 သတ္တဝါလေးပါးအလယ်၌ ပြောသံဟူမူကား၊ ဒေနာရိတပြားနှင့် ဂျုံဆန်တခွက်ကိုရ၏။ မုယောဆန် သုံးခွက်ကိုရ၏။ ဆီနှင့်စပျစ်ရည်ကို မပျက်စေနှင့် ဟုဆိုသည်ကိုငါကြား၏။
7 စတုတ္ထတံဆိပ်ကိုဖွင့်သောအခါ၊ စတုတ္ထ သတ္တဝါက၊ လာ၍ ကြည့်လော့ဟုဆိုသည်ကို ငါကြား၏။
8 ထိုအခါငါကြည့်လျှင်၊ မြင်းမွဲတစီးရှိ၏။ မြင်းစီးသောသူသည် မရဏာဟူသောအမည်ရှိ၏။ မရဏာ နိုင်ငံသည် ထိုသူနောက်သို့ လိုက်လေ၏။ သူသည် မြေကြီး လေးစိတ်တစိတ်ကို အစိုးရ၍ ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ နာ၍သေဘေး၊ မြေသားရဲဘေးအားဖြင့် သတ်ပိုင်သော အခွင့်ကိုရ၏။
9 ပဥ္စမတံဆိပ်ကိုဖွင့်သောအခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်၎င်း၊ မိမိတို့ သက်သေခံချက်ကြောင့်၎င်း၊ အသေသတ်ခြင်းကိုခံရသောသူတို့၏ ဝိညာဉ်များကို ယဇ်ပလ္လင်အောက်၌ ငါမြင်၏။
10 သူတို့ကလည်း၊ သန့်ရှင်းဟုတ်မှန်၍ အစိုးပိုင်တော်မူသောအရှင်၊ မြေပေါ်မှာနေသော သူတို့သည် ငါတို့အသွေးကို သွန်းကြသော အပြစ်နှင့်အလျောက် ဒဏ်မပေးဘဲ အဘယ်မျှလောက်ကာလပတ်လုံး နေတော်မူမည်နည်းဟုကြီးမားသော အသံနှင့် ကြွေးကြော်ကြ၏။