မဿဲ 23:16-22 BJB

16 လမ်းပြသောလူကန်းတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ ဗိမာန်တော်ကိုတိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုလျှင်မတည်။ ဗိမာန်တော်၏ ရွှေကိုတိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလျှင် တည်သည်ဟုသင်တို့ဆိုကြ၏။

17 လူမိုက်လူကန်းတို့၊ အဘယ်အရာသည်သာ၍ မြတ်သနည်း။ ထိုရွှေကားမြတ်သလော။ ထိုရွှေကို သန့်ရှင်းစေသော ဗိမာန်တော်ကားမြတ်သလော။

18 တနည်းကား၊ ယဇ်ပလ္လင်ကို တိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလျှင် မတည်။ ယဇ်ပလ္လင်ပေါ်မှာရှိသော ပူဇော်သက္ကာကို တိုင်တည်၍ကျိန်ဆိုခြင်းကိုပြုလျှင် တည်သည်ဟု သင်တို့ဆိုကြ၏။

19 လူမိုက်လူကန်းတို့၊ အဘယ်အရာသည်သာ၍ မြတ်သနည်း။ ထိုပူဇော်သက္ကာကား မြတ်သလော။ ထိုပူဇော်သက္ကာကို သန့်ရှင်းစေသော ယဇ်ပလ္လင်ကားမြတ်သလော။

20 ထို့ကြောင့် ယဇ်ပလ္လင်ကိုတိုင်တည်၍ ကျိန်ဆိုလျှင်၊ ယဇ်ပလ္လင်မှစ၍ ယဇ်ပလ္လင်ပေါ်မှာ ရှိသမျှကို တိုင် တည်၍ ကျိန်ဆိုသတည်း။

21 ဗိမာန်တော်ကိုတိုင်တည်၍ ကျိန်ဆိုလျှင်၊ ဗိမာန်တော်မှစ၍ ဗိမာန်တော်၌ ကျိန်းဝပ်တော်မူသောသူ ကို တိုင်တည်၍ ကျိန်ဆိုသတည်း။

22 ကောင်းကင်ဘုံကိုတိုင်တည်၍ ကျိန်ဆိုလျှင်၊ ပလ္လင်တော်ကို၎င်း၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသော သူကို၎င်း တိုင်တည်၍ကျိန်ဆိုသတည်း။