22 ကောင်းကင်ဘုံကိုတိုင်တည်၍ ကျိန်ဆိုလျှင်၊ ပလ္လင်တော်ကို၎င်း၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသော သူကို၎င်း တိုင်တည်၍ကျိန်ဆိုသတည်း။
23 လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပင်စိမ်း၊ စမွှတ်၊ ဇိယာ၊ အသီးအရွက်တို့ကို ဆယ်ဘို့တဘို့ လှူကြသည်တွင် တရားသဖြင့်စီရင်ခြင်း၊ သူတပါးကို သနား ခြင်း၊ သစ္စာစောင့်ခြင်းတည်းဟူသော ပညတ်တရားတွင် လေးသောအရာတို့ကိုကား လှပ်၍ထားကြ၏။ အရင် ဆိုသောအရာတို့ကို မလှပ်မထား၊ နောက်ဆိုသောအရာတို့ကို ကျင့်ရမည်။
24 လမ်းပြသောလူကန်းတို့၊ သင်တို့သည် ခြင်တကောင်ကိုမျှ မပါစေခြင်းငှါ ရေကိုစစ်လျက်နှင့် ကုလားအုပ်ကို မျိုကြ၏။
25 လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့ ၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ဖလား၊ လင်ပန်းကို အပြင်၌ဆေးကြောကြ၏။ အတွင်း၌ကား လုယူခြင်း၊ မတရားသဖြင့် ကျင့်ခြင်းနှင့် ပြည့်လျက်ရှိ၏။
26 မျက်စိကန်းသော ဖာရိရှဲ၊ ဖလား၊ လင်ပန်းကို အတွင်း၌ရှေ့ဦးစွာ ဆေးကြောလော့။ သို့ပြုလျှင် အပြင်ကား သန့်ရှင်းလိမ့်မည်။
27 လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ အဖြူ သုတ်သောသခင်္ျိုင်းတွင်းနှင့်တူကြ၏။ ထိုတွင်းသည် အပြင်၌တင့်တယ်စွာတကား။ အတွင်း၌ကား လူသေအရိုး၊ အညစ်အကြေးအမျိုးမျိုးနှင့် ပြည့်လျက်ရှိ၏။
28 ထိုအတူ သင်တို့သည်အပြင်၌ လူတို့ရှေ့မှာဖြောင့်မတ်ဟန်ရှိ၏။ အတွင်း၌ကား လျှို့ဝှက်ခြင်း၊ မတရားသဖြင့် ကျင့်ခြင်းနှင့် ပြည့်လျက်ရှိကြ၏။