19 ငါ့ကိုဆက်၍စိုက်ခြင်းငှါထိုအခက်တို့ကို ချိုးဖဲ့ ပြီဟု သင်ဆိုပြန်လျှင်၊ မှန်စေတော့။
20 မယုံကြည်သောစိတ်ရှိသောကြောင့် သူတို့ကိုချိုးဖဲ့သည်ဖြစ်၍၊ သင်သည်ယုံကြည်ခြင်းအားဖြင့်သာ တည်၏။ မာနစိတ်မရှိစေနှင့်။ ကြောက်ခြင်းစိတ်ရှိစေလော့။
21 အကြောင်းမူကား၊ ဘုရားသခင်သည် ပကတိ အခက်များကို နှမြောတော်မမူလျှင်၊ သင်တို့ကို နှမြောတော်မူမည်လော။
22 သို့ဖြစ်၍၊ လဲသောသူတို့၌ ပြင်းစွာ စီရင်တော်မူခြင်းကို၎င်း၊ ကျေးဇူးတော်၌သင်သည် တည်နေလျှင်၊ သင်၌ပြုတော်မူသော ကျေးဇူးတော်ကို၎င်း၊ ဤနှစ်ပါးကို အောက်မေ့လော့။ ကျေးဇူးတော်၌မတည်မနေလျှင်၊ သင်သည်လည်းခုတ်ပစ်ခြင်းကိုခံရမည်။
23 သူတို့သည်မယုံကြည်သောစိတ်ပျောက်လျှင်၊ အပင်၌တဖန် ဆက်၍စိုက်သောအခွင့်ကို ရကြလိမ့်မည်။ သူတို့ကို တဖန်ဆက်၍ စိုက်ခြင်းငှါ ဘုရားသခင်တတ်နိုင်တော်မူ၏။
24 အဘယ်သို့နည်းဟူမူကား၊ ပကတိရိုင်းသော သံလွင်ပင်မှ သင့်ကိုခုတ်ယူ၍၊ ကောင်းသော သံလွင်ပင်၌ ပကတိကို မလိုက်ဘဲ ဆက်၍စိုက်သည် မှန်လျှင်၊ ပကတိအခက်ဖြစ်သော ထိုသူတို့သည် မိမိတို့ သံလွင်ပင်၌ ဆက်၍စိုက်သောအခွင့်ကို သာ၍ရကြမည် မဟုတ်လော။
25 ညီအစ်ကိုတို့၊ သင်တို့သည် ဝါကြွားသောစိတ်မရှိစေမည်အကြောင်း၊ တပါးအမျိုးသားအပေါင်းတို့သည် မဝင်မှီတိုင်အောင်၊ ဣသရေလလူအချို့တို့ကို မှောင်မိုက်ဖုံးလွှမ်းခြင်းအကြောင်းတည်းဟူသော နက်နဲသောအရာကို မသိဘဲနေစေခြင်းငှါ ငါအလိုမရှိ။