ရော​မ 5:13-19 BJB

13 ပညတ်တရားကို မထားမှီတိုင်အောင် ဤလောက၌ အပြစ်ရှိ၏။ အဘယ်ပညတ်တရားကိုမျှ မရှိလျှင်၊ အပြစ်ရှိသည်ဟု မှတ်စရာမရှိ၊

14 သို့သော်လည်း အာဒံလက်ထက်မှစ၍ မောရှေလက်ထက်တိုင်အောင် သေခြင်းတရားသည် အစိုးရ၏။ အာဒံပြစ်မှားသည်နည်းတူ မပြစ်မှားသော သူတို့ကိုပင် အစိုးရ၏။ ထိုအာဒံသည် နောက်လာလတံ့သောသူ၏ ပုံပမာဖြစ်သတည်း။

15 သို့သော်လည်း၊ ပြစ်မှားခြင်းသဘောနှင့် ကျေးဇူးတော်သဘောမတူ၊ အကြောင်းမူကား၊ လူတယောက်သည် ပြစ်မှားသောအားဖြင့်၊ လူများတို့သည် သေခြင်းသို့ ရောက်ကြ၏။ တယောက်သောသူတည်းဟူသော ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကျေးဇူးတော်၏ အကျိုးသည်လူများတို့၌သာ၍ ကြွယ်ဝပြည့်စုံ၏။

16 ထိုမှတပါး၊ လူတယောက်ပြစ်မှားသောအရာနှင့် ကျေးဇူးတော်အရာမတူ။ အကြောင်းမူကား၊ တရားစီရင်သောအရာမှာ၊ အပြစ်တခုကြောင့် ဒစ်ခံစေဟု စီရင်၏။ ကျေးဇူးတော်အရာမှာ၊ အပြစ်များလျက်ပင် လွှတ်စေဟုစီရင်၏။

17 ထိုမှတပါး၊ လူတယောက်သည် ပြစ်မှားသောကြောင့်၊ ထိုတယောက်သော သူအားဖြင့် သေခြင်းတရားသည် အစိုးရ၏။ ကျေးဇူးတော်၏ကြွယ်ဝခြင်းကို၎င်း၊ ဖြောင့်မတ်ရာသို့သွင်းပေးတော်မူခြင်းကို၎င်း ခံရသောသူတို့သည် တယောက်သောသူတည်းဟူသော ယေရှုခရစ်အားဖြင့် အသက်ရှင်လျက်သာ၍ စိုးစံရကြလတံ့။

18 ထိုကြောင့်၊ တယောက်သောသူ၏ပြစ်မှားခြင်းအားဖြင့်၊ လူအပေါင်းတို့သည် အပြစ်စီရင်ခြင်းနှင့် တွေ့ကြုံရကြသည်နည်းတူ၊ တယောက်သောသူ၏ ဖြောင့်မတ်ခြင်းအားဖြင့်၊ လူအပေါင်းတို့သည် အသက်နှင့် ယှဉ်သော ဖြောင့်မတ်ရာသို့ ရောက်ခြင်းအခွင့်ကို ရကြ၏။

19 အကြောင်းမူကား၊ တယောက်သောသူသည် နားမထောင်သောအားဖြင့်၊ လူများတို့သည် အပြစ်ရောက်သည်နည်းတူ၊ တယောက်သော သူသည် နားထောင်သောအားဖြင့်၊ လူများတို့သည် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။