ရှင်မာကု 13:27-33 BJB

27 ထိုအခါ လူသားသည် မိမိတမန်တို့ကို စေလွှတ်သဖြင့် မိမိရွေးချယ်သောသူတို့ကို အရပ်လေးမျက်နှာ ကောင်းကင်အောက် ထက်ဝန်းကျင်တို့မှခေါ်၍ စုရုံးစေတော်မူလတံ့။

28 သင်္ဘောသဖန်းပင်ကို အစွဲပြု၍ ပုံသက်သေတခုကိုမှတ်ကြလော့။ သင်္ဘောသဖန်းပင်သည် အခက်အလက်နု၍ အရွက်ပေါက်သောအခါ၊ နွေလာကနီးသည်ကို သင်တို့သိကြ၏။

29 ထိုနည်းတူ ထိုအကြောင်းအရာများဖြစ်သည်ကို မြင်ရလျှင်၊ လူသားသည်တံခါးဝတိုင်အောင် အနီးသို့ ရောက်တော်မူသည်ကို သိမှတ်ကြလော့။

30 ငါအမှတ်ဆိုသည်ကား၊ ယခုဖြစ်သော လူများမကုန်မှီ ထိုအကြောင်းအရာအလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်။

31 ကောင်းကင်နှင့်မြေကြီးမတည်သော်လည်း ငါ့စကားတည်လိမ့်မည်။

32 ထိုအချိန်နာရီကိုကား၊ ခမည်းတော်မှတပါးအဘယ်သူမျှမသိ။ ကောင်းကင်တမန်များမသိ။ သားတော်လည်းမသိ။

33 ထိုအချိန်ကာလသည် အဘယ်အခါ၌ ရောက်မည်ကို သင်တို့မသိသောကြောင့် သတိပြု၍ဆုတောင်းလျက် စောင့်နေကြလော့။