ရှင်ယောဟန် 16:12-18 BJB

12 သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။

13 သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။

14 ထိုသူသည် ငါ့ဘုန်းကိုထင်ရှားစေလိမ့်မည်။ အကြောင်းမူကား၊ ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အား ဘော်ပြလိမ့်မည်။

15 ခမည်းတော်နှင့်စပ်ဆိုင်သမျှသည် ငါနှင့်စပ်ဆိုင်၏။ ထိုကြောင့် ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အားဘော်ပြလိမ့်မည်ဟု ငါပြော၏။

16 ခဏကြာပြီးမှ သင်တို့သည်ငါ့ကိုမမြင်ရကြ။ တဖန်ခဏကြာပြီးမှ ငါ့ကိုမြင်ပြန်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါသည်ခမည်းတော်ထံသို့ သွားမည်ဟု မိန့်တော်မူ၏။

17 တပည့်တော်အချို့ကလည်း၊ ခဏကြာပြီးမှ သင်တို့သည်ငါ့ကို မမြင်ရကြ။ တဖန်ခဏကြာပြီးမှ ငါ့ကို မြင်ပြန်ကြလိမ့်မည်ဟူ၍၎င်း၊ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံသို့ သွားမည်ဟူ၍၎င်း၊ မိန့်တော်မူသောစကားသည် အဘယ်သို့နည်း။

18 ခဏဟူ၍မိန့်တော်မူသော် အဘယ်သို့ဆိုလိုသနည်း မိန့်တော်မူသောစကားကို အကျွန်ုပ်တို့သည် နားမလည်ဟု အချင်းချင်းပြောဆိုကြ၏။