ရှင်ယောဟန် 21:17-23 BJB

17 ယေရှုကလည်း၊ ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလောဟု တတိယအကြိမ်မေးတော်မူလျှင်၊ သင်သည်ငါ့ကိုချစ်သလောဟု သုံးကြိမ်မြောက်အောင် မေးတော်မူသောကြောင့် ပေတရုသည်စိတ်နာသဖြင့်၊ သခင်၊ ကိုယ်တော်သည်ခပ်သိမ်းသောအရာတို့ကိုသိတော်မူ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်သော်၊ ယေရှုက၊ ငါ၏သိုးတို့ကို ကျွေးမွေးလော့။

18 ငါအမှန်အကန်ဆိုသည်ကား၊ သင်သည်ပျိုသော အသက်ရှိစဉ်ကိုယ်ကိုကိုယ်ပတ်စည်း၍ အလိုရှိရာ အရပ်ရပ်သို့ သွားလာတတ်၏။ သင်သည် အိုသောအခါ လက်နှစ်ဘက်ကိုဆန့်ပြီးလျှင်၊ သူတပါးသည် သင့်ကို ပတ်စည်း၍ သင်အလိုမရှိရာအရပ်သို့ ယူသွားလိမ့်မည်ဟု မိန့်တော်မူ၏။

19 တိုသို့မိန့်တော်မူသော်၊ အဘယ်သို့သောသေခြင်းအားဖြင့် ပေတရုသည် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေမည်အရိပ်ကို ပေးတော်မူ၏။ ထိုသို့ မိန့်တော်မူပြီးမှ၊ ငါ့နောက်သို့လိုက်လော့ဟု ပေတရုအား မိန့်တော်ပြန်၏။

20 ယေရှုချစ်တော်မူ၍ အထက်က ညစာစားသောအခါ၌ ရင်တော်ကိုမှီ၍လျောင်းလျက်၊ သခင်၊ ကိုယ်တော်ကို အပ်နှံသောသူကားအဘယ်သူနည်းဟု မေးသောတပည့်တော်သည်လည်း နောက်တော်သို့ လိုက်သည်ကို ပေတရုသည်လှည့်၍မြင်လျှင်၊

21 သခင်၊ ဤသူ၌ အဘယ်သို့ဖြစ်ပါလိမ့်မည်နည်းဟု မေးလျှောက်သော်၊

22 ယေရှုက၊ ငါကြွလာသည်ကာလတိုင်အောင် ထိုသူကိုနေစေခြင်းငှါ ငါအလိုရှိလျှင် သင်သည် အဘယ်သို့ဆိုင်သနည်း။ သင်မူကား ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။

23 ထိုစကားတော်ကိုထောက်လျှင်၊ ညီအစ်ကိုတို့က၊ ထိုတပည့်တော်သည် မသေရဟုအနှံ့အပြား ပြောဆို ကြ၏။ သို့သော်လည်း ထိုသူသည်မသေရဟု ယေရှုမိန့်တော်မူသည်မဟုတ်။ ငါကြွလာသည်ကာလတိုင်အောင် ထိုသူကိုနေစေခြင်းငှါ ငါအလိုရှိလျှင်သင်သည် အဘယ်သို့ဆိုင်သနည်းဟု မိန့်တော်မူသတည်း။