32 တရားဆုံးဖြတ်တော်မူသောအခါ နိနေဝေမြို့သားတို့သည် ဤလူမျိုးတဘက်၌ထ၍ အရှုံးခံစေလတံ့။ အကြောင်းမူကား၊ ထိုသူတို့သည် ယောန ဟောပြောသော စကားကြောင့် နောင်တရကြ၏။
33 ဤအရပ်၌ကား ယောနထက်သာ၍ ကြီးမြတ်သောသူရှိ၏။ ဆီမီးထွန်း၍ ကွယ်ရာ၌ဖုံးထားလေ့မရှိ။ တောင်းဇလားအောက်၌လည်း ထားလေ့မရှိ။ ဝင်လာသောသူသည် အလင်းကိုရစေခြင်းငှါ ဆီမီးခုံအပေါ်မှာ တင်ထားလေ့ရှိ၏။
34 ကိုယ်၏ဆီမီးကား၊ မျက်စိတည်း။ ထိုကြောင့် မျက်စိကြည်လင်သောအခါ တကိုယ်လုံးလင်းလိမ့်မည်။ မျက်စိမြှေးရှက်သောအခါ တကိုယ်လုံးမိုက်လိမ့်မည်။
35 ကိုယ်၌ရှိသောအလင်းကို မှောင်မိုက်မဖြစ်စေခြင်းငှါ သတိပြုလော့။
36 အင်္ဂါတခုမျှမမိုက်ဘဲ တကိုယ်လုံးလင်းလျှင်၊ ဆီမီး၏အရောင်နှင့် လင်းစေသကဲ့သို့ လုံးလုံးလင်းလျက်ရှိလိမ့်မည်ဟု မိန့်တော်မူ၏။
37 ထိုသို့မိန့်တော်မူစဉ်တွင် ဖရိရှဲတယောက်သည် အစာကိုသုံးဆောင်တော်မူစေခြင်းငှါ ကိုယ်တော်ကို ခေါ်ပင့်လျှင်၊ သူ၏အိမ်သို့ကြွ၍ စားပွဲ၌ လျောင်းတော်မူ၏။
38 အစာကိုမစားမှီ ဆေးခြင်းကို ပြုတော်မမူသည်ကို ဖာရိရှဲသည်မြင်လျှင် အံ့ဩလေ၏။