9 တဖန် ငါဆိုသည်ကား၊ သင်တို့သည် စုတေ့သောအခါ၊ အစဉ်အမြဲတည်သော ဗိမာန်၌သင်တို့ကို လက်ခံလတံ့သော အဆွေရှိစေခြင်းငှါ မမြဲသော လောကီစည်းစိမ်ကို သုံးဆောင်ကြလော့။
10 အနည်းငယ်သော အမှု၌ သစ္စာရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာရှိလိမ့်မည်။ အနည်းငယ် သောအမှု၌ သစ္စာမရှိသောသူသည် ကြီးသောအမှု၌ သစ္စာမရှိ။
11 သို့ဖြစ်၍ မမြဲသော လောကီစည်းစိမ်ကို သုံးရာတွင် သင်တို့သည် သစ္စာမရှိလျှင်၊ မှန်သောစည်းစိမ်ကို သင်တို့၌ အဘယ်သူအပ်မည်နည်း။
12 သူတပါးအမှု၌ သင်တို့သည် သစ္စာမရှိလျှင်၊ အဘယ်သူသည် အပိုင်ပေးမည်နည်း။
13 အဘယ်အစေခံမျှ သခင်နှစ်ဦးအစေကို မခံနိုင်။ သခင်တဦးကိုမုန်း၍ တဦးကိုချစ်မည်။ သခင်တဦး မှီခို၍ တဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏ အစေကို၎င်း၊ လောကီစည်းစိမ်၏အစေကို၎င်း မခံနိုင်ကြဟု မိန့်တော်မူ၏။
14 ငွေကို တပ်မက်သော ဖာရိရှဲတို့သည် ထိုစကားများကို ကြားလျှင်၊ ကိုယ်တော်ကို ပြက်ယယ်ပြုကြ၏။
15 ယေရှုကလည်း၊ သင်တို့သည် လူများရှေ့မှာ ဖြောင့်မတ်ဟန်ဆောင်သော်လည်း၊ ဘုရားသခင်သည် သင်တို့၏စိတ်နှလုံးကို သိမြင်တော်မူ၏။ လူသဘောအားဖြင့် အမြတ်ထားသောအရာသည် ဘုရားသခင့် ရှေ့တော်၌ စက်ဆုပ်ရွံရှာဘွယ်ဖြစ်၏။