လုကာ 2:30-32-38 BJB

30-32 ကိုယ်တော်၏လူ ဣသရေလအမျိုးကို ချီးမြှောက်စေခြင်းငှါ၎င်း၊ တပါးအမျိုးသားတို့ကို လင်းစေခြင်းငှါ၎င်း၊ လူအမျိုးမျိုးတို့ရှေ့မှောက်၌ ပြင်ဆင်တော်မူသောအလင်းတည်းဟူသော ကယ်တင်သောသခင်ကို အကျွန်ုပ်သည် ကိုယ်မျက်စိနှင့်မြင်ရပါ၏ဟု မြွက်ဆို၏။

33 ထိုစကားများကို ယောသပ်နှင့်မယ်တော်သည် ကြားလျှင် အံ့ဩခြင်းရှိကြ၏။

34 ရှုမောင်သည်လည်း သူတို့ကိုကောင်းကြီးပေး၍ မယ်တော်မာရိအား၊ ဤသူငယ်ကား ဣသရေလလူ အများလဲမည်အကြောင်း၊ အများထမည်အကြောင်း၊ လူအများတို့၏အကြံအစည်ကို ထင်ရှားစေခြင်းငှါ ငြင်းခုံစရာဖြစ်မည်အကြောင်း ခန့်ထားသောသူဖြစ်၏။

35 ထိုမှတပါး သန်လျက်သည် သင်၏စိတ်နှလုံးကို ခွင်းလိမ့်မည်ဟု မြွက်ဆို၏။

36 အာရှာအမျိုးဖြစ်သော ဖနွေလ၏သမီး၊ အန္နအမည်ရှိသော ပရောဖက်မတယောက်ရှိ၏။ သူသည် ပျိုသောအရွယ်မှစ၍ ခုနစ်နှစ်သောလင်နှင့် နေပြီးလျှင်၊

37 အသက်ကြီးရင့်၍ အနှစ်ရှစ်ဆယ်လေးနှစ်ခန့်မျှ တိုင်တိုင်မုတ်ဆိုးမဖြစ်လျက်၊ ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းအားဖြင့် နေ့ညဉ့်မပြတ် ဘုရားဝတ်ကိုပြု၍ ဗိမာန်တော်နှင့် မခွါဘဲနေ၏။

38 သူသည်လည်း ထိုခဏခြင်းတွင်ဝင်၍ ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းလေ၏။ ယေရုရှလင်မြို့ ၌ ရွေးနှုတ်ခြင်းအရာကို မြော်လင့်သောသူအပေါင်းတို့အား ထိုသူငယ်၏ အကြောင်းကို ပြောလေ၏။