13 ထိုအခါ ဥယျာဉ်ရှင်က၊ ငါသည် အဘယ်သို့ပြုရမည်နည်း။ ငါ၏ချစ်သားကို ငါစေလွှတ်မည်။ ထိုသူတို့သည် ငါ့သားကိုမြင်လျှင် အားနာကောင်းအားနာကြလိမ့်မည်ဟု ဆို၏။
14 ဥယျာဉ်စောင့်တို့သည် သားကိုမြင်လျှင်၊ ဤသူသည် အမွေခံဖြစ်၏။ လာကြ။ သူ့ကို သတ်ကြကုန်အံ့။ ထိုသို့သူ၏ အမွေဥစ္စာကို ငါတို့ ရကြလိမ့်မည်ဟု အချင်းချင်းတိုင်ပင်ပြီးမှ၊
15 ဥယျာဉ်ရှင်၏သားကို ဥယျာဉ်ပြင်သို့ ထုတ်၍ သတ်ပစ်ကြ၏။ သို့ဖြစ်လျှင် ဥယျာဉ်ရှင်သည် ဥယျာဉ် စောင့်တို့ကို အဘယ်သို့ ပြုမည်နည်း။
16 ဥယျာဉ်ရှင်သည် လာ၍ ထိုသူတို့ကို သုတ်သင်ပယ်ရှင်းပြီးမှ ထိုဥယျာဉ်ကို အခြားသောသူတို့အား ပေးလိမ့်မည်ဟု မိန့်တော်မူ၏။ ပရိသတ်တို့သည် ကြားလျှင် ထိုသို့မဖြစ်ပါစေနှင့်ဟု လျှောက်ကြသော်၊
17 ကိုယ်တော်သည် ထိုသူတို့ကို ကြည့်ရှု၍၊ တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသော ကျောက်သည် နောက်တဖန်တိုက်ထောင့်အထွဋ်ဖျားသို့ ရောက်ပြန်၏ဟူသော ကျမ်းစာချက်သည် အဘယ်သို့ ဆိုလိုသနည်း။
18 အကြင်သူသည် ထိုကျောက်အပေါ်သို့ကျ၏။ ထိုသူသည် ကျိုးလတံ့။ အကြင်သူ၏အပေါ်သို့ ထိုကျောက်သည် ကျ၏။ ထိုသူသည် ညက်ညက်ကြေလတံ့ဟု မိန့်တော်မူ၏။
19 ထိုအခါ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့သည် မိမိတို့ကို ရည်ဆောင်၍ ထိုဥပမာစကားကို ဟောပြောတော်မူသည်ကိုသိသောကြောင့် ကိုယ်တော်ကို ဘမ်းဆီးခြင်းငှါ ရှာကြံကြ၏။ သို့သော်လည်း လူများကိုကြောက်၍ နေရကြ၏။