4 အကြောင်းမူကား၊ ထိုသူအပေါင်းတို့သည် မိမိတို့ကြွယ်ဝသော စည်းစိမ်ထဲကနှုတ်၍ ဘုရားသခင်၏ အလှူတော်စုထဲသို့ သွင်းချကြ၏။ ထိုမိန်းမမူကား၊ အလွန်ဆင်းရဲလျက်ပင် မိမိအသက်မွေးစရာ ဥစ္စာရှိသမျှကို သွင်းချလေပြီဟု မိန့်တော်မူ၏။
5 လူအချို့တို့သည် လာ၍ ဗိမာန်တော်သည် တင့်တယ်သောကျောက်ပြားနှင့်၎င်း၊ ပူဇော်သက္ကာများနှင့်၎င်း ဆင်ပြင်လျက် ရှိပါ၏ဟုလျှောက်ကြလျှင်၊
6 ကိုယ်တော်က၊ ဤအရာများကို သင်တို့သည် ယခုမြင်ရကြ၏။ မဖြိုမချဘဲ ကျောက်တခုပေါ်မှာ တခုမျှ မတည်မနေရသော အချိန်ကာလရောက်လိမ့်မည်ဟု မိန့်တော်မူ၏။
7 သူတို့ကလည်း၊ အရှင်ဘုရား၊ ထိုအမူအရာတို့သည် အဘယ်ကာလမှဖြစ်ပါမည်နည်း။ ထိုအမှုအရာတို့သည် ဖြစ်ချိန်နီးသောအခါ အဘယ်ပုပ္ပနိမိတ်ပေါ်ထွန်းပါမည်နည်းဟု မေးလျှောက်ကြလျှင်၊
8 ကိုယ်တော်က၊ သင်တို့သည် လှည့်ဖြားခြင်းသို့ မလိုက်မပါမည်အကြောင်း သတိပြုကြလော့။ အများသောသူတို့က၊ ငါသည် ဤမည်သောသူဖြစ်၏။ အချိန်ကာလလည်း ရောက်လာပြီဟုဆိုလျက် ငါ၏အယောင် ကို ဆောင်၍ ပေါ်လာကြလိမ့်မည်။ ထိုသူတို့နောက်သို့ မလိုက်ကြနှင့်။
9 သင်တို့သည် စစ်တိုက်ခြင်းအကြောင်း၊ ပုန်ကန်ခြင်းအကြောင်းကို သိတင်းကြားရသောအခါ စိုးရိမ်တုန်လှုပ်ခြင်း မရှိကြနှင့်။ ထိုအမှုအရာများသည် အရင်ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည် အလျင်အမြန်မဖြစ်သေး။
10 ထိုမှတပါး၊ လူတမျိုးနှင့်တမျိုး၊ တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။