4 ဘုရားသခင်၏ အိမ်တော်သို့ဝင်၍ ယဇ်ပုရောဟိတ်တို့မှတပါး အဘယ်သူမျှမစားအပ်သော ရှေ့တော် မုန့်ကို ယူစား၍၊ မိမိအဘော်တို့အားပေးသည်အကြောင်းကိုမျှ သင်တို့သည်မတတ်ဘူးသလော။
5 ထိုမှတပါး၊ လူသားသည် ဥပုသ်နေ့ကိုပင် အစိုးရသည်ဟု မိန့်တော်မူ၏။
6 အခြားသောဥပုသ်နေ့၌ ကိုယ်တော်သည်တရားစရပ်သို့ ဝင်၍ဆုံးမဩဝါဒပေးတော်မူသည်တွင်၊ ထိုစရပ်၌ လက်ျာလက်သေသောသူ တယောက်ရှိ၏။
7 ဥပုသ်နေ့၌ သူ၏ရောဂါကို ငြိမ်းစေမည် မငြိမ်းစေမည်ကို ကျမ်းပြုစရာနှင့်ဖာရိရှဲတို့သည် ကိုယ်တော်၌ အပြစ်တင်ခွင့်ကို ရှာ၍ချောင်းကြည့်ကြ၏။
8 ကိုယ်တော်သည် ထိုသူတို့အကြံအစည်ကိုသိလျှင်၊ လက်သေသောသူအား၊ ထလော့။ အလယ်၌ မတ်တတ်နေလော့ဟု မိန့်တော်မူသည်အတိုင်း ထိုသူသည်ထ၍ မတ်တတ်နေ၏။
9 ယေရှုကလည်း၊ သင်တို့ကိုငါမေးမည်။ ဥပုသ်နေ့၌ အဘယ်သို့ပြုအပ်တနည်း။ ကျေးဇူးပြုအပ်သလော။ သူ့အကျိုးကို ဖျက်ဆီးအပ်သလော။ အသက်ကို ကယ်အပ်သလော၊ သတ်အပ်သလောဟု ပရိတ်သတ်တို့အား မေးတော်မူပြီးလျှင်၊
10 ထိုသူ အပေါင်းတို့ကို ပတ်လည်ကြည့်ရှုလျက်၊ သင်၏လက်ကို ဆန့်လော့ဟု ထိုသူအားမိန့်တော်မူ၍ သူသည်မိမိလက်ကိုဆန့်လျှင်၊ ထိုလက်သည် လက်တဘက်ကဲ့သို့ ပကတိဖြစ်လေ၏။