11 ထိုဥပမာအနက်အဓိပ္ပါယ်ကား မျိုးစေ့သည် ဘုရားသခင်၏တရားစကားဖြစ်၏။
12 လမ်း၌ရှိသောသူကား၊ တရားစကားကို ကြားသည်ရှိသော်၊ ယုံကြည်ခြင်း၊ ကယ်တင်ခြင်းသို့ မရောက်စေခြင်းငှါ၊ မာရ်နတ်သည် လာ၍ တရားစကားကို နှလုံးထဲမှနှုတ်ယူသောသူကိုဆိုလိုသတည်း။
13 ကျောက်ပေါ်၌ရှိသောသူကား၊ တရားစကားကိုကြား၍ ဝမ်းမြောက်သောစိတ်နှင့် ခံယူသော်လည်း စိတ်နှလုံး၌အမြစ်မစွဲ၊ ခဏသာယုံကြည်သဖြင့် စုံစမ်းနှောင့်ရှက်ခြင်းကို ခံရသောအခါ ဖောက်ပြန်သောသူကို ဆိုလိုသတည်း။
14 ဆူးပင်တို့တွင် ရှိသောသူကား၊ တရားစကားကိုကြားသည်ရှိသော်၊ လောကီစိုးရိမ်းခြင်း၊ စည်းစိမ်ကြွယ်ဝခြင်း၊ ကာမဂုဏ်ခံစားခြင်းတို့သည် နှိပ်စက်၍ အသီးမသီးသောသူကိုဆိုလိုသတည်း။
15 ကောင်းသောမြေ၌ရှိသောသူကား၊ ဖြောင့်မတ်စင်ကြယ်သော စိတ်နှလုံးနှင့် တရားစကားကိုကြားလျှင်၊ စွဲလမ်းသောအားဖြင့် မြဲမြံစွာအသီးသီးသော သူကိုဆိုလိုသတည်း။
16 ဆီမီးထွန်းပြီးလျှင် အိုးမှောက်၍ ဖုံးထားလေ့မရှိ။ ခုတင်အောက်၌လည်း ထားလေ့မရှိ။ ဝင်သောသူသည် အလင်းကိုမြင်စေခြင်းငှါ ဆီမီးခုံအပေါ်မှာ တင်ထားလေ့ရှိ၏။
17 ဆိတ်ကွယ်ရာ၌ရှိသမျှတို့သည် ထင်ရှားလိမ့်မည်။ ဝှက်ထားလျက်ရှိသမျှတို့သည်လည်း ထင်ရှားစွာ ပွင့်လင်းလိမ့်မည်။