18 တရံရောအခါ၊ ယေရှုသည် တပည့်တော်တို့နှင့်တကွ ဆိတ်ကွယ်ရာအရပ်၌ ဆုတောင်းတော်မူစဉ်၊ လူများတို့သည် ငါ့ကိုအဘယ်သူဖြစ်သည်ကို ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊
19 လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံဆရာ ယောဟန်ဖြစ်သည်ဟူ၍၎င်း၊ အချို့က၊ ဧလိယဖြစ်သည်ဟူ၍၎င်း၊ အချို့က၊ ရှေးပရောဖက် တပါးပါးထပြန်သည်ဟူ၍၎င်း ဆိုကြပါ၏ဟု လျှောက်ကြသော်၊
20 သင်တို့လည်း ငါ့ကို အဘယ်သူဖြစ်သည်ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊ ပေတရုက၊ ကိုယ်တော်သည် ဘုရားသခင်၏ ခရစ်တော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏။
21 ထိုအကြောင်းကို အဘယ်သူအားမျှ မပြောစိမ့်သောငှါ တပည့်တော်တို့ကို ကြပ်တည်းစွာ ပညတ်တော်မူ၏။
22 ထိုမှတပါး၊ လူသားသည် များစွာခံရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့၏ ငြင်းပယ်ခြင်းကို၎င်း၊ အသေသတ်ခြင်းကို၎င်း ခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများတို့ကို မိန့်တော်မူ၏။
23 ထိုမှတပါး၊ လူအပေါင်းတို့အား မိန့်တော်မူသည်ကား၊ ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို နေ့တိုင်းထမ်း၍ ငါ့နောက်သို့လိုက်ရမည်။
24 အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါ အလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး၏၊ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်။