4 အာဇေလသည်၊ ကာဣနပူဇော်သော ယဇ်ထက်သာ၍ မြတ်သောယဇ်ကို၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်အားပူဇော်၏။ ထိုသို့သောယဇ်ကိုပူဇော်၍၊ မိမိဖြောင့်မတ်သည်ဟု သက်သေခံတော်မူခြင်းကို ရလေ၏။ အဘယ်သို့နည်းဟူမူကား၊ သူလှူသောအလှူကို ဘုရားသခင်သည် လက်ခံတော်မူ၏။ သို့ဖြစ်၍၊ အာဗေလသည် သေလွန်သော်လည်း ယခုပင်တရားဟောသေး၏။
5 ဧနောက်သည် ယုံကြည်ခြင်းအားဖြင့် သေခြင်းနှင့်လွတ်၍ ဘဝပြောင်းရ၏။ ဘုရားသခင်သည် သူ့ကို ဘဝပြောင်းစေတော်မူသောကြောင့်၊ သူသည် နောက်တဖန် မပေါ်မရှိ။ သူသည်ဘဝမပြောင်းမှီ ဘုရားသခင်၏ စိတ်တော်နှင့်တွေ့သောသူဖြစ်သည်ဟု သက်သေခံခြင်းကို ရလေ၏။
6 ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့် အထံတော်သို့ ချဉ်းကပ်သောသူသည်၊ ဘုရားသခင်ရှိတော်မူသည်ကို၎င်း၊ ကိုယ်တော်ကို ရှာသောသူအား အကျိုးပေးတော်မူသည်ကို၎င်း၊ ယုံကြည်ရမည်။
7 နောဧသည်မမြင်သေးသော အမှုအရာတို့ကို ဘော်ပြသော ဗျာဒိတ်တော်ကိုခံရပြီးမှ၊ ယုံကြည်ခြင်းအားဖြင့် ကြောက်ရွံ့လာသောစိတ်ရှိ၍၊ မိမိအိမ်သူအိမ်သားတို့ကို ကယ်တင်ခြင်းငှါ သင်္ဘောကိုတည်လေ၏ ထိုယုံကြည်ခြင်းအားဖြင့် လောကီသားတို့ကို အပြစ်တင်၍ ယုံကြည်ခြင်းနှင့်ယှဉ်သော ဖြောင့်မတ်ခြင်းကိုလည်း အမွေခံရ၏။
8 အာဗြဟံသည် အမွေခံရလတံ့သောပြည်သို့ ထွက်သွားမည်အကြောင်း၊ ဘုရားသခင်ခေါ်တော်မူသောအခါ၊ သူသည်အဘယ်အရပ်သို့သွားသည်ကို ကိုယ်တိုင်မသိဘဲလျက်၊ ယုံကြည်ခြင်းအားဖြင့် နားထောင်၍ ထွက်သွားလေ၏။
9 သူတပါးပိုင်သောပြည်၌ ဧည့်သည်နေသကဲ့သို့၊ ဂတိတော်နှင့် စပ်ဆိုင်သော ပြည်၌ယုံကြည်ခြင်း အားဖြင့် ဧည့်သည်ဖြစ်၍နေ၏။ ထိုဂတိတော်ကို အမွေခံရသော အဘော်အဘက်တည်းဟူသော ဣဇာက်၊ ယာကုပ်တို့နှင့်အတူ တဲ၌နေလေ၏။
10 အကြောင်းမူကား၊ ဘုရားသခင် တည်ထောင်ပြုစုတော်မူသော၊ ခိုင်ခံ့မြဲမြံသောမြို့ကိုမြော်လင့် သတည်း။