ဟေ​ဗြဲ 2:4-10 BJB

4 ထိုသက်သေခံသောသူတို့နှင့်အတူ ဘုရားသခင်သည် နိမိတ်လက္ခဏာ၊ အံ့ဘွယ်သော အမှုအားဖြင့်၎င်း၊ ထူးဆန်းသောတန်ခိုး အထူးထူးအပြားပြားအားဖြင့်၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်သည် မိမိအလိုတော်အတိုင်း ဝေငှသော ဆုကျေးဇူးအားဖြင့်၎င်း သက်သေခံတော်မူပြီ။

5 ငါတို့ပြောဆိုသော နောင်ကပ်ကမ္ဘာကို အုပ်စိုးရသောအခွင့်ကို ကောင်းကင်တမန်တို့၌ အပ်ပေးတော်မူသည်မဟုတ်၊

6 ကျမ်းစာတချက်၌ တယောက်သောသူက၊ လူသည် အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည် အောက်မေ့တော်မူရသနည်း။ လူသားသည် အဘယ်သို့သောသူ ဖြစ်၍ အကြည့်အရှုကြွလာတော်မူရသနည်း။

7 သူ့ကို ကောင်းကင်တမန်တို့အောက်၌ အနည်းငယ် နှိမ့်တော်မူပြီ။ သူ၏ခေါင်းကို ဘုန်းအသရေနှင့် ပတ်ရစ်တော်မူပြီ။ ဖန်ဆင်းတော်မူသောအရာများကို အုပ်စိုးစေ၍၊

8 ခပ်သိမ်းသောအရာတို့ကို သူ၏ခြေအောက်၌ ချထားတော်မူပြီဟု သက်သေခံသတည်း။ ခပ်သိမ်းသော အရာတို့ကို ချထားတော်မူ၏ဟုဆိုသော်၊ မချမထားဘဲ ကျန်ရစ်သောအရာတစုံတခုမျှ မရှိရ။ ယခုမူကား၊ ခပ်သိမ်းသောအရာတို့သည် ချထားလျက်ရှိသည်ကို ငါတို့ မမြင်ရကြသေး။

9 ယေရှုသည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် လူအပေါင်းတို့အတွက်ကြောင့် အသေခံရသော အခွင့်ရှိစေခြင်းငှါ၊ ကောင်းကင်တမန်တို့အောက်၌ အနည်းငယ်နှိမ့်ပြီးမှ၊ အသေခံရသောကြောင့် ခေါင်းတော်၌ ဘုန်းအသရေ ပတ်ရစ်လျက်ရှိသည်ကို ငါတို့ မြင်ကြ၏။

10 အကြောင်းမူကား၊ များစွာသော သားတို့ကို ကယ်တင်၍၊ ဘုန်းစည်းစိမ်စံစားရာသို့ ပို့ဆောင်သော အရှင်သည်၊ ဒုက္ခဝေဒနာအားဖြင့် စုံလင်ခြင်းသို့ ရောက်ရမည်အကြောင်း၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်း၍ အုပ်စိုးတော်မူသောဘုရားသည် စီရင်တော်မူအပ်၏။