ဟေ​ဗြဲ 2:7-13 BJB

7 သူ့ကို ကောင်းကင်တမန်တို့အောက်၌ အနည်းငယ် နှိမ့်တော်မူပြီ။ သူ၏ခေါင်းကို ဘုန်းအသရေနှင့် ပတ်ရစ်တော်မူပြီ။ ဖန်ဆင်းတော်မူသောအရာများကို အုပ်စိုးစေ၍၊

8 ခပ်သိမ်းသောအရာတို့ကို သူ၏ခြေအောက်၌ ချထားတော်မူပြီဟု သက်သေခံသတည်း။ ခပ်သိမ်းသော အရာတို့ကို ချထားတော်မူ၏ဟုဆိုသော်၊ မချမထားဘဲ ကျန်ရစ်သောအရာတစုံတခုမျှ မရှိရ။ ယခုမူကား၊ ခပ်သိမ်းသောအရာတို့သည် ချထားလျက်ရှိသည်ကို ငါတို့ မမြင်ရကြသေး။

9 ယေရှုသည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် လူအပေါင်းတို့အတွက်ကြောင့် အသေခံရသော အခွင့်ရှိစေခြင်းငှါ၊ ကောင်းကင်တမန်တို့အောက်၌ အနည်းငယ်နှိမ့်ပြီးမှ၊ အသေခံရသောကြောင့် ခေါင်းတော်၌ ဘုန်းအသရေ ပတ်ရစ်လျက်ရှိသည်ကို ငါတို့ မြင်ကြ၏။

10 အကြောင်းမူကား၊ များစွာသော သားတို့ကို ကယ်တင်၍၊ ဘုန်းစည်းစိမ်စံစားရာသို့ ပို့ဆောင်သော အရှင်သည်၊ ဒုက္ခဝေဒနာအားဖြင့် စုံလင်ခြင်းသို့ ရောက်ရမည်အကြောင်း၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်း၍ အုပ်စိုးတော်မူသောဘုရားသည် စီရင်တော်မူအပ်၏။

11 သန့်ရှင်းစေတတ်သောသူနှင့် သန့်ရှင်းစေအပ်သောသူများတို့သည် တပါးတည်းသော ပကတိရှိကြ၏။ ထိုကြောင့်၊ သန့်ရှင်းစေတတ်သောသူသည် သန့်ရှင်းစေအပ်သောသူတို့ကို ညီအစ်ကိုဟူ၍ ခေါ်ခြင်းငှါ ရှက်ကြောက်တော်မမူ။ ထိုသို့ ခေါ်သောအချက် ဟူမူကား၊

12 သိတင်းတော်ကို အကျွန်ုပ်ညီအစ်ကိုတို့အား အကျွန်ုပ်ကြားပြောပါမည်။ ပရိသတ်အလယ်မှာ ကိုယ်တော်ကို ချီးမွမ်း၍ သီချင်းဆိုပါမည်ဟု လာသတည်း။

13 တချက်ကား၊ ငါသည်ဘုရားသခင်ကို ကိုးစားမည်ဟု လာသတည်း။ တဖန်ကား၊ ငါမှစ၍ ငါ့အား ဘုရားသခင် ပေးတော်မူသောသူငယ်တို့သည် ရှိကြ၏ဟု လာသတည်း။