1 ထို့ကြောင့်၊ ဘုရားသခင်၏ ချမ်းသာထဲသို့ ဝင်ရသောအခွင့်ကို ပေးသော ဂတိတော်သည် ငါတို့၌ရှိရစ်လျက်နှင့်၊ သင်တို့တွင် အချို့တို့သည် မမှီဘဲနေမည်ကို စိုးရိမ်ကြကုန်အံ့။
2 ငါတို့သည် ဝမ်းမြောက်စရာသိတင်းကို ထိုသူတို့ကဲ့သို့ ကြားရကြပြီ။ သို့ရာတွင် သူတို့ကြားရသော တရား စကားသည်၊ ကြားရသောသူတို့အထဲ၌ ယုံကြည်ခြင်းနှင့် မရောနှောသောကြောင့် အကျိုးကိုမပေး။
3 ငါတို့မူကား၊ ယုံကြည်သောသူဖြစ်၍ ဘုရားသခင်၏ ချမ်းသာထဲသို့ ဝင်ကြရ၏။ ထိုသို့နှင့်အညီ ဗျာဒိတ်တော်ကား၊ သူတို့သည် ငါ၏ချမ်းသာထဲသို့ မဝင်ရကြဟု အမျက်ထွက်၍ ငါကျိန်ဆိုသည်ဟု လာ၏။ ချမ်းသာဟုဆိုသော်၊ ကမ္ဘာဦးကပင် အမှုအရာတို့ကို ပြီးစီး၍ ငြိမ်ဝပ်တော်မူရာ ချမ်းသာဟု ဆိုလိုသတည်း။
4 ခုနစ်ရက်မြောက်သောနေ့ကို အကြောင်းပြု၍ ကျမ်းစာတချက်၌ လာသည်ကား၊ ဘုရားသခင်သည် မိမိအမှုအရာ အလုံးစုံတို့ကို ပြီးစီး၍ ခုနစ်ရက်မြောက်သောနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏ဟု လာသတည်း။
5 ထိုကျမ်းစာ၌ တဖန်လာသည်ကား၊ သူတို့သည် ငါ၏ ချမ်းသာထဲသို့ မဝင်ရကြဟုလာသတည်း။