ဟေ​ဗြဲ 8:1-7 BJB

1 ယခုဆိုခဲ့ပြီးသော အကြောင်းအရာတို့၏ အချုပ်အခြာဟူမူကား၊ ထိုသို့သော ယဇ်ပုရောဟိတ်မင်းသည် ငါတို့၌ရှိ၏။ ကောင်းကင်ဘုံ၌ တန်ခိုးအာနုဘော်တော်၏ ပလ္လင်လက်ျာဘက်မှာ ထိုင်နေတော်မူ၏။

2 လူမဆောက်ဘဲ ထာဝရဘုရား ဆောက်တော်မူသော တဲတော်စစ်တည်းဟူသော၊ သန့်ရှင်းရာဌာန၌ ဘုရားဝတ်ကိုပြုသောသူ ဖြစ်တော်မူ၏။

3 ယဇ်ပုရောဟိတ်မင်းမည်သည်ကား၊ ပူဇော်သက္ကာနှင့် ယဇ်ကိုပူဇော်စေခြင်းငှါ ခန့်ထားလျက်ရှိသည် ဖြစ်၍၊ ငါတို့ ယဇ်ပုရောဟိတ်မင်းသည်လည်း ပူဇော်စရာယဇ်တစုံတခု ရှိရ၏။

4 ပညတ်တရားအတိုင်း ပူဇော်သက္ကာကို ဆက်ကပ်သော ယဇ်ပုရောဟိတ်များရှိကြသည်ဖြစ်၍၊ ထိုသခင်သည် မြေကြီးပေါ်မှာရှိနေလျှင် ယဇ်ပုရောဟိတ်မလုပ်ရ။

5 မောရှေသည် တဲတော်ကို ဆောက်လုပ်အံ့သောအခါ၊ တောင်ပေါ်မှာ သင့်အားပြခဲ့ပြီးသောပုံနှင့် ညီလျော်စွာ အလုံးစုံတို့ကို လုပ်ခြင်းငှါ သတိပြုရမည်ဟု ဗျာဒိတ်တော်ကို ခံရသည်ဖြစ်၍၊ ထိုယဇ်ပုရောဟိတ်တို့သည် ကောင်းကင်အရာတို့၏ ပုံပမာအရိပ်နှင့်သာဆိုင်လျက် ဝတ်ကိုပြုနေကြ၏။

6 ထိုမှတပါး၊ ယေရှုသည် သာ၍မြတ်သော ဂတိတော်တို့၌တည်သော၊ သာ၍မြတ်သော ပဋိညာဉ်တရား၏ အာမခံဖြစ်သည်နှင့်အညီ၊ သာ၍မြတ်သော ဝတ်ပြုခြင်းအခွင့်အရာကို ရတော်မူ၏။

7 ပဌမပဋိညာဉ်တရားသည်၊ အပြစ်တင်ခွင့်မရှိသည် မှန်လျှင်၊ ဒုတိယပဋိညာဉ်တရား တည်ရသော အခွင့်ကို အဘယ်ကြောင့်ရှာရသနည်း။