ဧ​ဖက် 6:1-8 BJB

1 သားသမီးတို့၊ သခင်ဘုရား၏ အလိုတော်နှင့်အညီ မိဘစကားကို နားထောင်ကြလော့။ မိဘစကား ကိုနားထောင်ခြင်းအမှုသည် တရားသောအမှုဖြစ်၏။

2-3 မိဘကိုရိုသေစွာပြုလော့။ ဤပညတ်တော်ကား၊ သင်သည် ပြည်တော်၌ ကောင်းစား၍ အသက်တာရှည်မည်အကြောင်းဟူ၍ ဂတိတော်နှင့်ဆိုင်သော ပဌမပညတ်ဖြစ်၏။

4 အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှါ မပြုကြနှင့်။ သခင်ဘုရား၏အလိုတော်နှင့်ညီသော ဆုံးမ သွန်သင်ခြင်းကိုပြုလျက် ကျွေးမွေးကြလော့။

5 အစေခံကျွန်တို့၊ ခရစ်တော်၏စကားကို နားထောင်သကဲ့သို့ ကြောက်ရွံ့တုန်လှုပ်လျက်၊ စိတ်နှစ်ခွမရှိဘဲ လောကီသခင်၏စကားကို နားထောင်ကြလော့။

6 လူတို့၏စိတ်ကိုနူးညွတ်စေသောသူကဲ့သို့ မျက်မှောက်၌သာ နားထောင်သည်မဟုတ်၊ ခရစ်တော်၏ ကျွန်ကဲ့သို့ စေတနာစိတ်နှင့် ဘုရားသခင်၏ အလိုတော်ကို စောင့်၍၊

7 လူ၏အစေကိုသာ ခံသကဲ့သို့မဟုတ်၊ သခင်ဘုရား၏ အစေကို ခံသကဲ့သို့ ကြည်ညိုသော သဘောနှင့် အစေကိုခံကြလော့။

8 ကောင်းသောအကျင့်ကို ကျင့်သောသူ မည်သည်ကား၊ ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ သခင်ဘုရား၏ လက်တော်မှ အကျိုးကိုခံရလိမ့်မည်ဟု သိမှတ်ကြလော့။