၁ ကော 7:28-34 BJB

28 သို့သော်လည်း သင်သည် မယားနေလျှင် အပြစ်မရှိ။ လင်မနေဘူးသော မိန်းမသည်လည်း လင်နေလျှင် အပြစ်မရှိ။ သို့သော်လည်း၊ ထိုသို့ပြုသော သူတို့သည် လောကညှဉ်းဆဲခြင်းဒုက္ခကို ခံရကြမည်။ ဤအမှုအရာ၌ ကျပ်တည်းစွာသော ပညတ်ကို ငါမထားလို။

29 ညီအစ်ကိုတို့၊ ငါဆိုသည်ကား၊ ကျန်ကြွင်းသော ကာလသည် ကျဉ်းကျပ်သည်ဖြစ်၍၊ မယားရှိသော သူသည် မယားမရှိသကဲ့သို့ ဖြစ်ရမည်။

30 ငိုကြွေးသောသူသည် မငိုကြွေးသကဲ့သို့ ဖြစ်ရမည်။ ဝမ်းမြောက်သောသူသည် ဝမ်းမမြောက်သကဲ့သို့ ဖြစ်ရမည်။ ဥစ္စာဝယ်သောသူသည် အလျှင်းမရှိသကဲ့သို့ ဖြစ်ရမည်။

31 ဤလောကကို သုံးသောသူသည် မသုံးသကဲ့သို့ ဖြစ်ရမည်။ အကြောင်းမူကား၊ ဤလောက၏ အဆင်း သဏ္ဌာန်သည်ရွေ့သွား ကွယ်ပျောက်တတ်၏။

32 သင်တို့သည် စိုးရိမ်ခြင်းနှင့်ကင်းလွတ်စေခြင်းငှါ ငါအလိုရှိ၏။ ခင်ပွန်းမရှိသောသူသည် သခင်ဘုရား၏ စိတ်တော်နှင့်တွေ့စေခြင်းငှါ သခင်ဘုရား၏အမှုကိုသာ သတိထားတတ်၏။

33 ခင်ပွန်းရှိသောသူမူကား၊ မိမိမယား၏စိတ်နှင့် တွေ့စေခြင်းငှါ လောကီအမှုကို သတိထားတတ်၏။

34 ထိုနည်းတူ၊ ခင်ပွန်းမရှိသောမိန်းမနှင့် ခင်ပွန်းရှိသော မိန်းမသည် ခြားနားခြင်း ရှိ၏။ ခင်ပွန်းမရှိသော မိန်းမသည် ကိုယ်ခန္ဓာစိတ်ဝိညာဉ်နှစ်ပါးကို သန့်ရှင်းစေခြင်းငှါ သခင်ဘုရား၏အမှုကိုသာ သတိထားတတ်၏။ ခင်ပွန်းရှိသောမိန်းမမူကား၊ မိမိခင်ပွန်း၏စိတ်နှင့် တွေ့စေခြင်းငှါ လောကီအမှုကို သတိထားတတ်၏။