၁ ကော 7:30-36 BJB

30 ငိုကြွေးသောသူသည် မငိုကြွေးသကဲ့သို့ ဖြစ်ရမည်။ ဝမ်းမြောက်သောသူသည် ဝမ်းမမြောက်သကဲ့သို့ ဖြစ်ရမည်။ ဥစ္စာဝယ်သောသူသည် အလျှင်းမရှိသကဲ့သို့ ဖြစ်ရမည်။

31 ဤလောကကို သုံးသောသူသည် မသုံးသကဲ့သို့ ဖြစ်ရမည်။ အကြောင်းမူကား၊ ဤလောက၏ အဆင်း သဏ္ဌာန်သည်ရွေ့သွား ကွယ်ပျောက်တတ်၏။

32 သင်တို့သည် စိုးရိမ်ခြင်းနှင့်ကင်းလွတ်စေခြင်းငှါ ငါအလိုရှိ၏။ ခင်ပွန်းမရှိသောသူသည် သခင်ဘုရား၏ စိတ်တော်နှင့်တွေ့စေခြင်းငှါ သခင်ဘုရား၏အမှုကိုသာ သတိထားတတ်၏။

33 ခင်ပွန်းရှိသောသူမူကား၊ မိမိမယား၏စိတ်နှင့် တွေ့စေခြင်းငှါ လောကီအမှုကို သတိထားတတ်၏။

34 ထိုနည်းတူ၊ ခင်ပွန်းမရှိသောမိန်းမနှင့် ခင်ပွန်းရှိသော မိန်းမသည် ခြားနားခြင်း ရှိ၏။ ခင်ပွန်းမရှိသော မိန်းမသည် ကိုယ်ခန္ဓာစိတ်ဝိညာဉ်နှစ်ပါးကို သန့်ရှင်းစေခြင်းငှါ သခင်ဘုရား၏အမှုကိုသာ သတိထားတတ်၏။ ခင်ပွန်းရှိသောမိန်းမမူကား၊ မိမိခင်ပွန်း၏စိတ်နှင့် တွေ့စေခြင်းငှါ လောကီအမှုကို သတိထားတတ်၏။

35 ထိုသို့ငါဆိုသော်၊ သင်တို့အကျိုးကိုသာ ထောက်၍ဆို၏။ သင်တို့ကို နှောင့်ရှက်ချင်သောစိတ်နှင့် ဆိုသည် မဟုတ်။ သင်တို့သည် လျောက်ပတ်စွာကျင့်၍ စိတ်ရှုပ်ထွေးခြင်းမရှိဘဲ၊ သခင်ဘုရား၏ဝတ်ကို အမြဲပြုစေခြင်းငှါသာ ဤသို့ဆို၏။

36 အပျိုကညာသည် ခင်ပွန်းမရှိဘဲ အသက်အရွယ်လွန်လျှင် မလျောက်ပတ်ဟု ထိုအပျိုကညာကို ပိုင်သောသူသည် ထင်မှတ်၍ ထိမ်းမြားစရာအကြောင်းလည်းရှိလျှင်၊ ထိုသူသည် အလိုအလျောက်ပြုစေ။ အပြစ်မရှိထိမ်းမြားကြစေ။