ဒေသနာကျမ်း။ 4:7-13 BJB

7 တဖန်ငါထပ်၍၊ နေအောက်မှာအနတ္တအမှုကို ဆင်ခြင်သောအရာဟူမူကား၊

8 လူသည်အဘော်အဘက်၊ သားသမီး၊ ညီအစ်ကိုမရှိ၊ တယောက်တည်းဖြစ်သော်လည်း၊ ကြိုးစားအားထုတ်၍ မကုန်နိုင်။ မိမိစည်းစိမ်ကိုမြင်၍ မရောင့်ရဲနိုင်။ ငါသည် ကိုယ်ကိုညှဉ်းဆဲ၍၊ အဘယ်သူအဘို့ ကြိုးစား အားထုတ်သနည်းဟု မမေးတတ်။ ဤအမှုအရာသည်လည်း အနတ္တအမှု၊ အလွန်ပင်ပန်းစေသောအမှုဖြစ်၏။

9 လူသည်တယောက်တည်းထက် နှစ်ယောက် သာ၍ကောင်း၏။ ကြိုးစားအားထုတ်လျှင်၊ ကောင်းသော အကျိုးကို ရတတ်၏။

10 တယောက်လဲလျှင် တယောက်ထူလိမ့်မည်။ တယောက်တည်းသောသူလဲလျှင်မူကား အကျိုးနည်းပြီ။ ထူသောသူမရှိ။

11 လူသည် နှစ်ယောက်အတူအိပ်လျှင် နွေးတတ်၏။ တယောက်တည်းသောသူမူကား၊ အဘယ်သို့ နွေးနိုင်သနည်း။

12 လူတယောက်သည် တယောက်ကိုနိုင်လျှင် ထိုလူကိုနှစ်ယောက် ဆီးတားနိုင်၏။ သုံးလွန်းတင်သော ကြိုးသည်လည်း အလွယ်တကူမပြတ်တတ်။

13 ဆုံးမခြင်းကိုမခံ၊ အသက်ကြီး၍ မိုက်သော ရှင်ဘုရင်ထက်၊ ပညာရှိသောဆင်းရဲသား သူငယ်သည် သာ၍မြတ်၏။