9 နေအောက်မှာ ပေးသနားတော်မူသော အနတ္တ အသက်ကာလပတ်လုံး၊ သင်ချစ်သောမယားနှင့် ရွှင်လန်းစွာ အသက်ကာလကို လွန်စေလော့။ ဤရွေ့ကား၊ အသက်ရှင်၍ နေအောက်မှာကြိုးစားအားထုတ်ရာ၌ သင်ခံရသော အကျိုးပေတည်း။
10 ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအား ထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား၊ သင်ယခု သွား၍ ရောက်ရလတံ့သောအရပ် တည်းဟူသောမရဏ နိုင်ငံ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ် မရှိ။ ပညာမရှိပါတကား။
11 တဖန် နေအောက်မှာရှိသော အမှုအရာတို့ကို ငါပြန်၍ ကြည့်ရှုသောအခါ၊ လျင်မြန်သောသူသည် ပြိုင်၍ ပြေးသော်လည်း မနိုင်တတ်။ ခွန်အားကြီးသောသူသည် စစ်တိုက်၍ မအောင်တတ်။ ပညာရှိသောသူသည် ဝစွာ မစားတတ်။ ဥာဏ်ကောင်းသောသူသည် စည်းစိမ်ကို မရတတ်။ လိမ္မာသောသူသည် သူတပါးရှေ့၌ မျက်နှာ မရတတ်။ ခပ်သိမ်းသောသူတို့၌ ကာလအချိန်စေခြင်း၊ အဆင်သင့်ခြင်းရှိသည်အတိုင်း ဖြစ်တတ်သည်ကို ငါမြင် ၏။
12 လူသည် မိမိကာလအချိန်ကိုမသိတတ်။ ဘေးပြု ရာ ပိုက်ကွန်အုပ်မိသော ငါးကဲ့သို့၎င်း၊ ကျော့ကွင်း၌ ကျော့မိသော ငှက်ကဲ့သို့၎င်း၊ လူသားတို့သည် ဘေးပြုရာ ကာလထဲသို့ အမှတ်တမဲ့ရောက်၍ ကျော့မိတတ်ကြ၏။
13 နေအောက်မှာ ငါတွေ့မြင်၍ ချီးမွမ်းဘွယ်သော ပညာဟူမူကား၊
14 မြို့သားနည်းသောမြို့ငယ်တမြို့ရှိ၏။ ကြီးသော ရှင်ဘုရင်တပါးသည်လာ၍၊ ထိုမြို့ပြင်မှာ ကြီးစွာသော တပ်တို့ကို တည်၍ဝိုင်းထား၏။
15 ထိုမြို့၌နေသော ဆင်းရဲသားပညာရှိတယောက် သည် မိမိပညာအားဖြင့် ထိုမြို့ကို ကယ်တင်၏။ သို့သော် လည်း၊ ထိုဆင်းရဲသားကို အဘယ်သူမျှ မအောက်မေ့။