1 ဗေလရှာဇာမင်းကြီးနန်းစံ သုံးနှစ်တွင်၊ ငါ ဒံယေလသည် ယခင် ဗျာဒိတ်တော်ကို မြင်ပြီးသည်နောက်၊ တဖန် ဗျာဒိတ်ရူပါရုံကို မြင်ရသောအကြောင်းအရာဟူ မူကား၊
2 ဧလံပြည်၊ ရူရှန်မြို့တော်၌ ဥလဲမြစ်နားမှာ ငါရှိ စဉ်၊ ရူပါရုံထင်ရှား၍၊
3 ငါမျှော်ကြည့်သော၊ ရှည်လျားသော ချို နှစ်ချောင်းရှိသော သိုးတကောင်သည် မြစ်တဘက်၌ ရပ် နေ၏။ ထိုချိုနှစ်ချောင်းသည်မညီ၊ တချောင်းသာ၍ ရှည်၏။ သာ၍ ရှည်သောချိုသည် နောက်ပေါက် သတည်း။
4 ထိုသိုးသည် အနောက်၊ တောင်၊ မြောက်၊ သုံး မျက်နှာသို့ တိုးခွေ့သောကြောင့် အဘယ်တိရစ္ဆာန်မျှ မခံနိုင်၊ အဘယ်သူမျှ သူ့လက်မှတ်မကယ်မလွှတ်နိုင်သည် ဖြစ်၍ မိမိအလိုရှိသည့်အတိုင်း ပြုသဖြင့် ကြီးမားခြင်းသို့ ရောက်လာ၏။
5 ထိုအမှုကို ငါဆင်ခြင်လျက်နေသောအခါ၊ မျက်စိ နှစ်လုံးကြား၌ ထူးဆန်းသော ချိုတချောင်းရှိသော ဆိတ် တကောင်သည် အနောက်မျက်နှာကလာ၍၊ မြေကို မနင်းဘဲ မြေကြီးတပြင်လုံးကို ကျော်လေ၏။
6 ချိုနှစ်ချောင်းနှင့်မြစ်တဘက်၌ ထင်ရှားသော သိုးရှိရာသို့ ပြင်းစွာသော အဟုန်နှင့်ပြေး၍
7 အနားသို့ ရောက်သောအခါ၊ ပြင်းစွာ အမျက် ထွက်သဖြင့် သိုးကို ခတ်၍ သိုးချိုနှစ်ချောင်းကို ချိုးဖဲ့၏။ သိုးသည်ခံနိုင်သော တန်ခိုးမရှိသည် ဖြစ်၍ ဆိတ်သည် သူ့ကိုမြေ၌ လှဲ၍နင်းလေ၏။ သူ့လက်မှ အဘယ်သူမျှ သိုးကို မကယ်မလွှတ်နိုင်။