1 ယေရုရှလင်မြို့ပျက်စီး၍ အနှစ်ခုနစ်ဆယ် လွန် စေမည်ဟု၊
2 ထာဝရဘုရား၏ ဗျာဒိတ်တော်ကို ပရောဖက် ယေရမိ ခံဘူးသည်ဖြစ်၍၊ ခါလာဒဲနိုင်ငံကို အစိုးရသော မေဒိအမျိုး၊ အာရွှေရုသားဒါရိနန်းစံပဌမနှစ်တွင်၊ ငါ ဒံယေလသည် ထိုနှစ်ပေါင်းအရေအတွက်ကို ကျမ်းစာ အားဖြင့် သိရသောကြောင့်၊
3 အစာကိုရှောင်လျက်၊ လျှော်တေအဝတ်ကို ဝတ် လျက်၊ ပြာနှင့်လူးလျက်၊ အရှင်ဘုရားသခင့်ထံတော်သို့ ချဉ်းကပ်၍ ဆုတောင်းပဌနာပြု၏။
4 ထိုသို့ အပြစ်ကို ဘော်ပြတောင်းပန်၍ ငါ ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားထံ ငါပြုသော ပဌနာဟူမူကား၊ ကိုယ်တော်ကိုချစ်၍ ပညတ်တော်တို့ကို စောင့်သော သူတို့အား သစ္စာတော်မပျက်၊ ကရုဏာ တရားကိုစောင့်တော် မူထသော၊ အလွန်ကြီးမြတ်၍ ကြောက်ရွံ့ဘွယ်ဖြစ်တော်မူသော အရှင်ဘုရားသခင်၊
5 အကျွန်ုပ်တို့သည် ပြစ်မှားမိပါပြီ။ ဒုစရိုက်ကို ပြုမိ ပါပြီ။ မတရားသဖြင့် ကျင့်မိပါပြီ။ ပုန်ကန်မိပါပြီ။ စီရင် ထုံးဖွဲ့တော်မူသော တရားလမ်းမှ လွှဲမိပါပြီ။
6 အကျွန်ုပ်တို့၏ရှင်ဘုရင်၊ မင်းသား အသက်ကြီး သူမှစ၍ ပြည်သူပြည်သားအပေါင်းတို့အား ကိုယ်တော်၏ ကျွန်၊ ပရောဖက်တို့၏စကားများကို အကျွန်ုပ်တို့သည် နား မထောင်ပဲနေကြပါပြီ။
7 အိုဘုရားရှင်၊ ကိုယ်တော်သည် တရားနှင့် ဆိုင် တော်မူ၏။ ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့် နှင်ထုတ်တော်မူ၍ နီးသောပြည်၊ ဝေးသောပြည်၊ အရပ် ရပ်တို့၌နေရသော ယုဒပြည်သူ၊ ယေရုရှလင်မြို့သားမှ စ၍ ဣသရေလလူအပေါင်းတည်းဟူသော အကျွန်ုပ်တို့ သည် ယနေ့၌ရှိသည်အတိုင်း၊ မျက်နှာပျက်ခြင်းနှင့် ဆိုင်ကြပါ၏။