နေ​ဟ​မိ 8:7-13 BJB

7 ယောရှု၊ ဗာနိ၊ ရှေရဘိ၊ ယာမိန်၊ အက္ကုပ်၊ ရှဗ္ဗေသဲ၊ ဟောဒိယ၊ မာသေယ၊ ကေလိတ၊ အာဇရိ၊ ယောဇဗဒ်၊ ဟာနန်၊ ပေလာယအစရှိသော လေဝိသားတို့သည်လည်း လူများတို့အား ပညတ္တိကျမ်းစာအနက်ကိုပြန်ကြားကြ၏။ လူများတို့သည်လည်း မိမိတို့နေရာ၌နေကြ၏။

8 ထိုသို့ဘုရားသခင်၏ ပညတ္တိကျမ်းစာကိုသေချာစွာ ဘတ်ရွတ်၍ အနက်ကိုပြန်သဖြင့်၊ လူများနားလည်စေခြင်းငှါပြုကြ၏။

9 လူအပေါင်းတို့သည် ပညတ္တိကျမ်းစကားကို ကြားသောအခါ ငိုကြွေးကြသည်ဖြစ်၍၊ ပြည်အုပ်မင်းနေဟမိ၊ ကျမ်းတတ်ဆရာ ယဇ်ပုရောဟိတ်ဧဇရ၊ လူများတို့အား သွန်သင်သော လေဝိသားတို့က၊ ဤသည်နေ့ရက်သည် သင်တို့၏ဘုရားသခင် ထာဝရဘုရားအဘို့ သန့်ရှင်းသောနေ့ဖြစ်၏။ ငိုကြွေးမြည်တမ်းခြင်းကို မပြုကြနှင့်။

10 သွားကြလော့၊ မြိန်စွာသော အစာကိုစားကြလော့။ ချိုသော အရည်ကိုသောက်ကြလော့။ ဆင်းရဲသော သူတို့အား ဝေမျှကြလော့။ ဤသည်နေ့ရက်သည် ငါတို့ ဘုရားရှင်အဘို့ သန့်ရှင်း၏။ ဝမ်းမနည်းကြနှင့်၊ ထာဝရဘုရားပေးတော်မူသောအခွင့်နှင့် အားယူ၍ ဝမ်းမြောက်ကြလော့ဟု လူအပေါင်းတို့အား ဆိုကြ၏။

11 ထိုသို့ လေဝိသားတို့က၊ ဤသည်နေ့ရက်သည် သန့်ရှင်းသော နေ့ဖြစ်သောကြောင့် တိတ်ဆိတ်စွာ နေကြလော့။ ဝမ်းနည်းမနေကြနှင့်ဟု ဆို၍ လူအပေါင်းတို့ကို ငြိမ်းစေကြ၏။

12 လူအပေါင်းတို့သည် ဟောပြောသော စကားများကို နားလည်သောကြောင့်၊ စားသောက်ခြင်း၊ သူတပါးတို့အား ဝေမျှခြင်း၊ အလွန်ပျော်မွေ့ခြင်းကို ပြုအံ့သောငှါ သွားကြ၏။

13 ဒုတိယနေ့ရက်တွင်၊ အဆွေအမျိုးသူကြီးများတို့နှင့်တကွ ယဇ်ပုရောဟိတ်လေဝိသားတို့သည် ပညတ္တိကျမ်းစကားကို နားလည်အံ့သောငှါ၊ ကျမ်းတတ်ဆရာဧဇရထံ၌ စည်းဝေးကြ၏။