19 ကိုယ်တော်သည် အထူးသဖြင့် သနားတတ်သော ဘုရားဖြစ်တော်မူ၍၊ တော၌သူတို့ကို စွန့်ပစ်တော် မမူ။ နေ့အချိန်၌ လမ်းပြသော မိုဃ်းတိမ်တိုင်မပျောက်၊ ညဉ့်အချိန်၌ သူတို့သွားရာလမ်းကို လင်းစေသော မီးတိုင်လည်း မကွယ်။
20 သူတို့အား သွန်သင်စရာဘို့ ကောင်းသောဝိညာဉ်တော်ကို ပေးတော်မူ၏။ သူတို့စားရသော ကိုယ်တော်၏ မန္နကိုရုပ်သိမ်းတော်မမူ။ သူတို့ အငတ်ပြေစေခြင်းငှါ၊ ရေကိုလည်း ပေးတော်မူ၏။
21 အနှစ်လေးဆယ်ပတ်လုံး သူတို့ကို အလျှင်းမဆင်းရဲစေခြင်းငှါ ကျွေးမွေးတော်မူ၏။ သူတို့အဝတ်မဟောင်းမနွမ်းရ။ သူတို့ခြေသည်လည်း မပွန်းမရောင်ရ။
22 နောက်မှတပါးအမျိုးသားတို့၏ တိုင်းနိုင်ငံများကို သူတို့အား အကုန်အစင်ဝေဖန်၍ ပေးသနားတော်မူသဖြင့်၊ သူတို့သည် ဟေရှဘုန် ရှင်ဘုရင်ရှိဟုန်နှင့် ဗာရှန်ရှင်ဘုရင်ဩဃအစိုးရသောပြည်တို့ကို သိမ်းယူ ကြ၏။
23 သူတို့သားမြေးတို့ကို မိုဃ်းကောင်းကင်ကြယ်ကဲ့သို့ များပြားစေတော်မူ၏။ အကြင်ပြည်ထဲသို့ သူတို့ ဝင်၍ သိမ်းယူမည်အကြောင်း၊ သူတို့၏ ဘိုးဘေးတို့အား ဂတိထားတော်မူ၏။ ထိုပြည်ထဲသို့သွင်းတော်မူသဖြင့်၊
24 သားမြေးတို့သည်ဝင်၍ သိမ်းယူကြ၏။ သူတို့ ရှေ့မှာ ထိုပြည်သား ခါနာနိလူတို့ကို နှိပ်စက်တော်မူ၍၊ ရှင်ဘုရင်အစရှိသော ပြည်သူပြည်သားတို့ကို ပြုချင်သမျှ ပြုရသောအခွင့်နှင့် သူတို့လက်သို့ အပ်တော်မူ၏။
25 ထိုသို့သူတို့သည် ခိုင်ခံ့သောမြို့များ၊ မြေကောင်းသောပြည်၊ ဥစ္စာနှင့် ပြည့်သောအိမ်၊ တူးပြီးသောရေတွင်း၊ များပြားသော စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်၊ အသီးသီးသော အပင်တို့ကိုသိမ်းယူ၍၊ ဝစွာစားသောက်လျက် အသားဆူဖြိုး၍ ကျေးဇူးတော်ကြွယ်ဝခြင်း၌ မွေ့လျော်ကြ၏။