6 ကိုယ်တော်သာလျှင် ထာဝရဘုရားဖြစ်တော်မူ၏။ အမြင့်ဆုံးသော ကောင်းကင်နှင့် ကောင်းကင်ဗိုလ်ခြေအပေါင်းတို့ကို၎င်း၊ မြေကြီးနှင့်မြေကြီးပေါ်မှာ ရှိရှိသမျှတို့ကို၎င်း၊ ပင်လယ်နှင့် ပင်လယ်၌ပါသမျှတို့ကို၎င်း ဖန်ဆင်းတော်မူ၏။ အလုံးစုံတို့ကို စောင့်မတော် မူ၏။ ကောင်းကင်ဗိုလ်ခြေတို့သည် ကိုယ်တော်ကို ကိုးကွယ်ကြပါ၏။
7 အိုထာဝရ အရှင်ဘုရားသခင်၊ ကိုယ်တော်သည် အာဗြံကို ရွေးချယ်၍ ခါလဒဲပြည်၊ ဥရမြို့မှခေါ်ခဲ့ပြီးလျှင် အာဗြဟံဟူသော အမည်ကို ပေးတော် မူ၏။
8 ရှေ့တော်၌ သူ့သဘောဖြောင့်သည်ကို တွေ့သောကြောင့်၊ ခါနနိပြည်၊ ဟိတ္တိပြည်၊ အာမောရိပြည်၊ ဖေရဇိပြည်၊ ယေဗုသိပြည်၊ ဂိရဂါရှိပြည်တို့ကို အာဗြဟံအမျိုးအနွယ်အား ငါပေးမည်ဟု ဝန်ခံသည်အတိုင်း သစ္စာတော်မပျက်ပြုတော်မူ၏။
9 အဲဂုတ္တုပြည်၌ အကျွန်ုပ်တို့၏ ဘိုးဘေးများ ခံရသောညှဉ်းဆဲခြင်းကိုမြင်၍၊ ဧဒုံပင်လယ်နားမှာ သူတို့ အော်ဟစ်သောအသံကို ကြားတော်မူ၏။
10 ဖာရောဘုရင်နှင့် သူ၏ကျွန်များ၊ ပြည်သူပြည်သားအပေါင်းတို့သည် အကျွန်ုပ်တို့၏ဘိုးဘေးတို့ကို စော်ကားစွာပြုသောကြောင့်၊ ကိုယ်တော်သည် ကြည့်ရှု၍နေတော်မမူ။ ထိုပြည်သားတို့၌ နိမိတ်လက္ခဏာနှင့် အံ့ဘွယ်သောအမှုတို့ကို ပြတော်မူ၍၊ သိတင်းတော်သည် ယနေ့တိုင်အောင် ကျော်စောလျက်ရှိပါ၏။
11 သူတို့သည်ပင်လယ်အလယ်၌ မြေပေါ်မှာရှောက်သွားမည်အကြောင်း သူတို့ရှေ့မှာ ပင်လယ်ကိုခွဲတော်မူ၏။ ညှဉ်းဆဲသော သူတို့ကိုကား၊ နက်သောရေထဲသို့ ကျောက်ကိုပစ်သကဲ့သို့ ပစ်တော်မူ၏။
12 ထိုမှတပါး၊ နေ့အချိန်၌ မိုဃ်းတိမ်တိုင်အားဖြင့်၎င်း၊ ညဉ့်အချိန်၌ သူတို့သွားရာလမ်းကို လင်းစေသောမီးတိုင်အားဖြင့်၎င်း၊ သူတို့ကို ပို့ဆောင်တော်မူ၏။