မြည်​တမ်း​စ​ကား 1:9-15 BJB

9 သူ၌မစင်ကြယ်သော လက္ခဏထင်ရှားသော်လည်း၊ နောက်ခံရသောအပြစ်ကို မအောက်မေ့။ ထိုကြောင့်၊ မျက်နှာပေးသောသူမရှိဘဲ အံ့ဩဘွယ်သော အခြင်းအရာနှင့်နှိမ်ချခြင်းသို့ ရောက်လေ၏။ အိုထာဝရဘုရား၊ အကျွန်ုပ်ဆင်းရဲခြင်းကို ကြည့်ရှုတော်မူပါ။

10 ရန်သူသည် ကိုယ်ကိုချီးမြှောက်ပါပြီ။ ပရိသတ်တော်ထဲသို့ မဝင်ရဟုမြစ်တားတော်မူသော် သာသနာ ပလူတို့သည် သူ၏သန့်ရှင်းရာဌာနတောင်ထဲသို့ ဝင်ကြောင်းကို သူမြင်ရပါ၏။

11 သူ၏လူအပေါင်းတို့သည် ညည်းတွားလျက်၊ မုန့်ကိုရှာလျက် နေကြ၏။ သေဘေးနှင့်လွတ်ခြင်းငှါ မိမိစည်းစိမ်ကို စားစရာဘို့ စွန့်ရ၏။ အိုထာဝရဘုရား၊ အကျွန်ုပ်သည် ရှုတ်ချခြင်းကို ခံရသောကြောင့် ကြည့်ရှုဆင်ခြင်တော်မူပါ။

12 အိုခရီးသွားသောသူ အပေါင်းတို့၊ ကြည့်ရှုဆင်ခြင်ကြလော့။ ထာဝရဘုရားသည် ပြင်းစွာအမျက်တော်ထွက်သော နေ့၌ငါ့ကိုညှဉ်းဆဲ၍၊ ဖြစ်စေတော်မူသော ဒုက္ခနှင့်တူသော ဒုက္ခရှိသလော။

13 အထက်မှမီးကို ငါ့အရိုးထဲသို့လွှတ်လိုက်၍ ကြေမွေစေတော်မူပြီ။ ငါ့ခြေကို ကျော့မိစေခြင်းငှါ ကျော့ကွင်းထောင်၍ ငါ့ကိုပြန်စေတော်မူပြီ။ တနေ့လုံး ညှိုးငယ်ခြင်းအကြောင်း၊ စိတ်ပျက်ခြင်းအကြောင်းကို ငါ၌ဖြစ်စေတော်မူ၏။

14 ငါပြစ်မှားသော အပြစ်ထမ်းဘိုးကို လက်တော်နှင့် ငါ့လည်ပင်းပေါ်၌တပ်၍ချည်နှောင်ပြီးမှ၊ ထာဝရဘုရားသည် ငါ့ကိုအားလျော့စေ၍၊ ငါမဆီးတားနိုင်သော သူ့တို့လက်သို့ ရောက်စေတော်မူပြီ။

15 ထာဝရဘုရားသည် ငါ၏သူရဲအပေါင်းတို့ကို ငါ့အလယ်၌ကျော်နင်းတော်မူပြီ။ ငါ၏လူပျိုတို့ကို နှိပ်စက်ခြင်းငှါ လူအလုံးအရင်းကို ခေါ်တော်မူပြီ။ ထာဝရဘုရားသည် ယုဒသတို့သမီးကညာကို စပျစ်သီးနယ်ရာကျင်း၌ နင်းနယ်တော်မူပြီ။