မြည်​တမ်း​စ​ကား 2:9-15 BJB

9 မြို့တံခါးရွက်တို့သည် မြေ၌မြှုပ်လျက်ရှိကြ၏။ ကန့်လန့်ကျင်တို့ကို ချိုးဖဲ့တော်မူပြီ။ ရှင်ဘုရင်နှင့် မင်းသားတို့သည် သာသနာပလူတို့တွင် နေရကြ၏။ တရားတော်မရှိ။ ပရောဖက်တို့သည် ထာဝရဘုရား၏ ဗျာဒိတ်တော်ကို မခံမရကြ။

10 ဇိအုန်သတို့သမီး၏ အသက်ကြီးသူတို့သည် မြေမှုန့်ကိုမိမိတို့ ခေါင်းပေါ်မှာပစ်တင်လျက်၊ လျှော်တေ အဝတ်ကို ဝတ်စည်းလျက်၊ မြေပေါ်မှာထိုင်၍ တိတ်ဆိတ်စွာ နေကြ၏။ ယေရုရှလင်မြို့သူကညာတို့သည် ခေါင်းကို ငိုက်ဆိုက်ညွှတ်လျက်နေကြ၏။

11 ငါ၏လူမျိုးသတို့သမီးပျက်စီးသောကြောင့်၊ ငါသည် မျက်ရည်ကျ၍မျက်စိပျက်လေပြီ။ ဝမ်း၌ဆူလှိုက် ခြင်းရှိ၍ အသည်းလည်းမြေပေါ်မှာ သွန်းလျက်ရှိ၏။ အကြောင်းမူကား၊ သူငယ်နှင့်နို့စို့ကလေးတို့သည် မြို့လမ်း၌အား ပျက်လျက်နေကြ၏။

12 သူတို့ကလည်း၊ ဆန်စပါးနှင့်စပျစ်ရည်သည် အဘယ်မှာရှိသနည်းဟု၊ ရန်သူညှဉ်းဆဲသော သူကဲ့သို့ မြို့လမ်း၌အားပျက်လျက်၊ အမိရင်ခွင်၌ မိမိအသက်ကို သွန်းလျက်၊ အဓိက မေးတတ်ကြသည်တကား။

13 အိုယေရုရှလင်သတို့သမီး၊ သင်၏အမှု၌ အဘယ်သက်သေကို ငါပြရမည်နည်း။ အိုဇိအုန်သတို့ သမီးကညာ၊ သင့်ကိုနှစ်သိမ့်စေခြင်းငှါ၊ သင်နှင့်အဘယ်သူကို ငါခိုင်းနှိုင်းရမည်နည်း။ သင်၏ပြိုပျက်ရာသည် သမုဒ္ဒရာကဲ့သို့ ကျယ်သောကြောင့် အဘယ်သူ ပြုပြင်နိုင်သနည်း။

14 သင်၏ပရောဖက်တို့သည် အချည်းနှီးသောအရာ၊ မိုက်သောအရာတို့ကို သင်အဘို့မြင်ကြပြီ။ သိမ်းသွားချုပ်ထားသော အမှုကိုပြေစေခြင်းငှါ၊ သင်၏ အပြစ်ကိုမဘော်မပြဘဲ မှားသောရူပါရုံ၊ လမ်းလွဲစရာ အရာကို သင့်အဘို့မြင်ကြပြီ။

15 လမ်း၌ ရှောက်သွားသမျှသောသူတို့က၊ ဂုဏ်သရေအထွဋ်၊ မြေတပြင်လုံး ရွှင်လန်းရာဘွဲ့ရှိသော မြို့ကားဤမြို့လောဟု၊ ယေရုရှလင်သတို့သမီးကို လက်ခုပ်တီးလျက်၊ ကဲ့ရဲ့သံကိုပြုလျက်၊ ခေါင်းကို ညှိတ်လျက် မေးတတ်ကြ၏။