ယေ​ဇ​ကျေ​လ 13:6-12 BJB

6 အချည်းနှီးသောအရာကို မြင်ကြပြီ။ ထာဝရဘုရားစေလွှတ်တော်မမူဘဲ၊ ထာဝရဘုရားမိန့်တော်မူသည် ဟုဆိုလျက်၊ လှည့်စား၍ပရောဖက်ပြုကြပြီ။ ကိုယ်စကား ပြည့်စုံမည်ဟု သူတပါးယုံစေခြင်းငှါ ပြုကြပြီ။

7 ငါမပြောဘဲ ထာဝရဘုရားမိန့်တော်မူသည်ဟု သင်တို့ဆိုလျက်၊ အချည်းနှီးသော အရာကိုမြင်ကြပြီ မဟုတ်လော။ လှည့်စား၍ ပရောဖက်ပြုကြပြီ မဟုတ်လော့။

8 ထိုကြောင့် အရှင်ထာဝရဘုရားမိန့်တော်မူ သည်ကား၊ သင်တို့သည် အချည်းနှီးသောစကားကို ပြော၍ မုသာရူပါရုံကိုမြင်သောကြောင့် ငါသည် သင်တို့တဘက်၌ နေ၏။

9 အချည်းနှီးသော အရာကိုမြင်၍ မုသာစကားကို ဟောပြောတတ်သော ပရောဖက်တို့ကို ငါဆီးတားသဖြင့်၊ သူတို့သည် ငါ၏ပရိသတ်စည်းဝေးရာသို့ မဝင်ရကြ။ ဣသရေလ အမျိုး၏ စာရင်း၌ သူတို့အမည်ကို မသွင်းရ။ ဣသရေလပြည်၌နေရာမချရ။ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။

10 ငြိမ်သက်ခြင်းမရှိသော်လည်း၊ ငြိမ်သက်ခြင်းရှိသည်ဟု သင်တို့ဆိုလျက်၊ ငါ၏လူတို့ကို လှည့်စားသောကြောင့်၎င်း၊ တယောက်ကား အုတ်ရိုးကိုတည်လျက်၊ တယောက်ကား အင်္ဂတေနှင့်မွမ်းမံလျက်ပြုသောကြောင့်၎င်း၊

11 ထိုအုတ်ရိုးသည်ပြိုလဲမည်ဟု အင်္ဂတေနှင့်မွမ်းမံ သောသူတို့အား ပြောလော့။ မိုဃ်းရေလွှမ်းမိုးလိမ့်မည်။ ကြီးစွာသော မိုဃ်းသီးကျလိမ့်မည်။ မိုဃ်းသက်မုန်တိုင်း တိုက်ဖျက်လိမ့်မည်။

12 ထိုအုတ်ရိုးသည်ပြိုလဲပြီးမှ၊ သင်တို့မွမ်းမံသော အင်္ဂတေသည် အဘယ်မှာရှိသနည်းဟု သင်တို့အား သူတပါးမေးလိမ့်မည်မဟုတ်လော။