5 ကရုဏာစိတ်နှင့်ထိုသို့ပြုစုခြင်းငှါ သင့်ကိုမြင်၍ အဘယ်သူမျှ မသနား၊ ဘွားသောနေ့၌သင်သည်ကိုယ်ကို ရွံရှာရသည်တိုင်အောင် လယ်ပြင်၌ ပစ်ထားခြင်းကို ခံရ၏။
6 ငါသည် ရှောက်သွား၍ အသွေးနှင့်လူးလျက်ရှိသော သင်ကို မြင်သောအခါ အသက်ရှင်လော့ဟု သင်သည် အသွေး၌ရှိစဉ် ငါဆို၏။
7 မြက်ပင်ကဲ့သို့ ငါကြီးပွါးစေသဖြင့်၊ သင်သည် အစဉ်အတိုင်း ကြီး၍ လှသောအဆင်းနှင့်ပြည့်စုံ၏။ ရင်သားထ၍ ကိုယ်၌လည်းအမွေးပေါက်၏။ အရင်က အဝတ်မရှိ၊ အချည်းစည်းနေရ၏။
8 တဖန်ငါသည်ရှောက်သွား၍ သင့်ကိုမြင်သောအခါ၊ သင်၌ချစ်လိုဘွယ်သော အချိန်အရွယ်ရှိသောကြောင့်၊ ငါသည်ကိုယ်အဝတ်စွန်းကို ဖြန့်၍၊ သင်၌ အချည်းစည်းရှိခြင်းကို ဖုံးအုပ်၏။ ကျိန်ဆိုခြင်းကိုလည်း ပြု၍၊ သင်နှင့်ပဋိညာဉ်ဖွဲ့သဖြင့်၊ သင်သည် ငါ၏ခင်ပွန်း ဖြစ်လေ၏။
9 ထိုအခါ သင့်ကို ရေချိုး၍၊ သင်၌လူးသော အသွေးရှိသမျှကို ငါဆေးကြော၏။ ဆီနှင့်လိမ်း၏။
10 ချယ်လှယ်သော အဝတ်ကိုဝတ်စေ၏။ တဟာရှ သားရေခြေနင်းကို စီးစေ၏။ ဖဲ၊ ပိတ်ချောနှင့်ခြုံစေ၏။
11 လက်ကောက်နှင့်လည်ဆွဲအစရှိသော တန်ဆာမျိုးကို ဆင်စေ၏။